ပလောင် PSLF/TNLA အဖွဲ့နဲ့ MPC ဆွေးနွေး


2015.09.19
tnld-620.jpg တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA

ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ အစိုးရတို့ကြား ပဏာမအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အခု စက်တင်ဘာလ မကုန်ခင် နှစ်ဘက်ကိုယ်စားလှယ်တွေ စတင်တွေ့ဆုံဆွေးနွေးဖို့ စက်တင်ဘာ ၁၈ ရက်နေ့က MPC မြန်မာ ငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ငြိမ်းချမ်းရေး စတင်ဆွေးနွေးနိုင်ဖို့အတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ဗဟိုဌာနချူပ်မှာ မနေ့က အရေးပေါ် ဗဟိုကော်မတီအစည်းအဝေး ကျင်းပခဲ့ပါတယ်။

အစိုးရနဲ့တွေ့ဆုံမယ့်ရက်ကို ဒီရက်ပိုင်းအတွင်း အကြောင်းပြန်မယ်လို့ PSLF အထွေထွေအတွင်းရေးမှူး ဒုဗိုလ်မှူးကြီး တာ့ဘုန်းကျော် က ပြောပါတယ်။

အဲဒီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးမှာ လက်ငင်းဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးကိစ္စတွေကို အဓိက ဆွေးနွေးဆုံးဖြတ်မှာဖြစ်ပြီး၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချူပ်နဲ့ ပတ်သက်လို့ကတော့ အရင်ချမှတ်ထားတဲ့ မူအတိုင်းစွဲကိုင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

PSLF အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလက ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဝန်ကြီး ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ၂ဝ၁၃ ဇူလိုင် ၃၁ ရက်နေ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။