ထားဝယ်မှာ ခြံပိုင်ရှင် ၁၆ ဦးကို အမှုဖွင့်


2014.11.15

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသမှာ ထိုင်းနိုင်ငံ PTTEP ကုမ္ပဏီက ဇောတိက သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကို မြေဖို့နေစဉ် တားမြစ်ခဲ့တဲ့ ဥယျာဉ်ခြံပိုင်ရှင် ၁၆ ဦးကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။

အဲဒီ့ဥယျဉ်ပိုင်ရှင် ၁၆ ယောက်က သူတို့ လျော်ကြေးမရသေးတဲ့အတွက် တားဆီးတာဖြစ်ကြောင်းနဲ့ သူတို့ဥယျာဉ်ခြံမြေထဲ ပိုက်လိုင်းရှိနေတာကို တားဆီးတဲ့ ဥယျာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုမိုးနိုင်က ပြောပါတယ်။

"ပိုက်လိုင်းကျင်းထဲကို ကျနော်တို့က ခုန်ဆင်းပြီးတော့ နေနေကြတယ်လေ၊ သူတို့က ပိုက်လိုင်းကို ဖုံးလို့မရဘူပေါ့၊ ၁၆ ဦးစလုံးကို အမှုဖွင့်လိုက်ပြီ၊ ပိုက်နက်ကျူးလွန်မှုရယ် ဝတ္တရားနှောင့်ယှက်မှုရယ် စွဲထားတယ်ပြောတယ်"

ကံပေါက်ဒေသကနေ ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ မလေးရှားနိုင်ငံက PETRONAS အကောင်အထည်ဖေါ်နေတဲ့ ရဲတံခွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းနဲ့ ထိုင်းနိုင်ငံ PTTEP အကောင်အထည်ဖော်နေတဲ့ ဇောတိက သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေဟာ ကံပေါက်ဒေသကို ဖြတ်သန်းသွားတာဖြစ်ပါတယ်။

အဲဒီပိုက်လိုင်းတလျှောက်မှာရှိတဲ့ ကောင်းမှုနဲ့ ဖောင်းတော်ကျေးရွာတွေက ဥယျာဉ်ပိုင်ရှင် ၁၂၀ လောက် လျော်ကြေး မရသေးဘူးလို့ ဥယျဉ်ပိုင်ရှင်တွေက RFA ကို ပြောပါတယ်။

ကုမ္ပဏီဘက်က လျော်ကြေးတွေပေးခဲ့တုန်းက မြေဈေးနှုန်းနဲ့ တွက်ချက်ပေးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ခြံပိုင်ရှင်တွေက မြေဈေးနှုန်းအပြင် စိုက်ထားတဲ့ အပင်ဈေးနှုန်းကိုလည်း ထည့်သွင်းတွက်ချက်ပေးဖို့ တောင်းဆို တာကြောင့် ကောင်းမှုနဲ့ ဖောင်းတော်ရွာ ၂ ရွာက ပိုင်ရှင် ၁၂၀ ကျော် လျော်ကြေးမရသေးဘူးလို့ သိရပါတယ်။

ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီတုန်းက လျော်ကြေးပေးတဲ့အခါမှာ မြေဈေးနဲ့ အပင်ဈေးပါပေးတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။