စစ်အာဏာသိမ်းမှုအပေါ် ပြည်သူတွေ့ရဲ့ တုံ့ပြန်မှုများ
အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော် အာဏာသိမ်းတဲ့ နှစ်ရက်မြောက်နေ့မှာ ကျန်းမာရေး ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ပြည်သူတချို့က နည်းလမ်းမျိုးစုံနဲ့ ကန့်ကွက်ဆန့်ကျင်တာတွေ ရှိနေပါတယ်။
တပ်မတော် အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ဝင်တွေကို အယုံအကြည်မရှိတာ၊ စစ်အစိုးရရဲ့ ယန္တရားထဲမှာ မပါဝင်ချင်တာကြောင့် အလုပ်မသွားတဲ့ အစိုးရ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ရေးသားတင်ပြ မှုတွေကို လူမှုကွန်ရက်မှာ တွေ့ရပါတယ်။
မန္တလေး ကုတင် ၃၀၀ ကလေးဆေးရုံက လက်ထောက်ဆရာဝန်တွေကလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် သွားမယ့်အကြောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ထားတဲ့ အစိုးရအဖွဲ့နဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို ဖမ်းဆီးပြီး နိုင်ငံ ရဲ့ အာဏာ သုံးရပ်ကို တရားနည်းလမ်းမကျ သိမ်းယူထားတယ်၊ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်တဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းထားတဲ့အတွက် ကလေးဆေးရုံ လက်ထောက်ဆရာဝန်တွေအနေနဲ့ အလုပ်တာဝန်တွေကို ဆက်မလုပ် ချင်တော့တဲ့အကြောင်း၊ ပြည်သူရွေးကောက်ထားတဲ့ အစိုးရအောက်မှာပဲ အလုပ်လုပ်ချင်တာကြောင့် မြန်မာ နိုင်ငံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဆန့်ကျင်ဆန္ဒပြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
တချို့ကျန်းမာရေးဝန်ထမ်းတွေကတော့ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်နေရတဲ့အချိန်မှာ အလုပ်မသွားဘဲ ဆန္ဒပြရင် ထိခိုက်နစ်နာမှာက ပြည်သူတွေဖြစ်လာမှာကိုလည်း စိုးရိမ်ကြပါတယ်။ ဒါကြောင့် ဝတ်ဆင်ထားတဲ့ PPE ဝတ်စုံတွေမှာ Save Myanmar မြန်မာပြည်ကို ကယ်တင်ကြ။ We want elected NLD government only ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရကိုပဲ လိုချင်တယ် ဆိုတဲ့ စာသားတွေရေးပြီး ဆန္ဒပြကြပါတယ်။
အလုပ်မလုပ်ချင်တော့အောင် စိတ်မကောင်းဖြစ်ပေမဲ့ ပြည်သူတွေနစ်နာမှာကိုတွေးပြီး ရင်နာနာနဲ့ အလုပ်လုပ် နေကြရပါတယ်လို့ ဆန္ဒပြတဲ့ ကျန်းမာရေး ဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုတွေရှိတယ်ဆိုပြီး တပ်မတော်က မနေ့မနက်အစောပိုင်းမှာ အစိုးရအဖွဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်းပြီး အာဏာသိမ်းလိုက်ကြောင်း ကြေညာခဲ့တာပါ။ တပ်မတော်က အာဏာသိမ်းလိုက်တာကြောင့် ပြည်တွင်ရေးမငြိမ်မသက်ဖြစ်မှာကို ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ တိုးလာပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ဦးဆိုရင် ဘဏ်မှာအပ်ထားတဲ့ငွေတွေ ထုတ်မရဖြစ်မှာကို စိုးရိမ်ပြီး သူ့ဘဏ်စာရင်းထဲမှာရှိတဲ့ ငွေတွေကို သွားထုတ်လိုက်တယ်လို့ ပြောပါတယ်။
တပ်မတော် အာဏာသိမ်းတဲ့ မနေ့ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်အားလုံးပိတ်ထားခဲ့ပြီး ဒီနေ့ ပြန်ဖွင့်ခဲ့ တာပါ။ ဒီနေ့ ဘဏ်တွေမှာ ငွေထုတ်သူတွေများပြီး လူတစ်ယောက်ကို အကန့်အသတ်နဲ့ပဲ ငွေထုတ်ယူခွင့် ပေးနေပါတယ်။ ကန့်သတ်ချက်က ဘဏ်တစ်ခုနဲ့ တစ်ခု မတူကြဘူးလို့ ငွေထုတ်သူတွေက ပြောပါတယ်။
မန္တလေးမြို့ဒေသခံ လူငယ်အရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ စူးရှရှင်းသန့် ကတော့ အခုလို အာဏာသိမ်းလိုက်တာကို အံ့အားသင့်မိတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းတာဟာ တရားမျှတမှုမရှိတဲ့အပြင် ခိုင်လုံတဲ့အကြောင်းပြချက်လည်း မရှိတာကြောင့် လုံးဝမဖြစ်သင့်ဘူးလို့လည်း သူက ပြောပါတယ်။
အစိုးရအဖွဲ့ ရုံးစိုက်ရာ နေပြည်တော်မှာ တပ်မတော်က အာဏာသိမ်းပြီး အစိုးရ ခေါင်းဆောင်တွေကို ထိန်း သိမ်းထားသလို လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း စည်ပင်ဧည့်ရိပ်သာမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေးတွေ စောင့်ကြည့်နေပြီး ဝင်ထွက်၊ သွားလာခွင့်တွေ ပိတ်ထားပါတယ်။
ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ်ကို လက်နက်အားကိုးနဲ့ အာဏာသိမ်းတာ လက်မခံနိုင်ဘူး လို့ နေပြည်တော်၊ ပျဉ်းမနားမြို့ခံ ကဗျာဆရာ မျိုးတေဇာမောင်က ပြောပါတယ်။
အာဏာသိမ်း တပ်မတော်အစိုးရက တပ်မတော်အရာရှိတွေနဲ့ အရပ်သားတွေ ပါဝင်တဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေရဲ့ အမည်စာရင်းကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
အစိုးရ ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇော်မင်းဦး(ခေါ်) ကိုဗလကြီးက ပြည်သူတင်မြှောက်တဲ့ အစိုးရအဖွဲ့က ဝန်ကြီးတွေကိုပဲ လက်ခံနိုင်ပြီး အများဆန္ဒမပါဘဲ ရွေးချယ်ခဲ့တဲ့ ဝန်ကြီးတွေကို လက်မခံနိုင်ဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံလိုက်ရတာကို စိတ်မကောင်းဖြစ်ရပြီး အမြန်ဆုံး ပြန်လွတ်စေချင်တယ်လို့ နေပြည်တော် သပြေကုန်းဈေးက ဈေးသည်တစ်ဦးဖြစ်သူ ကိုဝင်းနိုင်က ပြောပါတယ်။
လက်ရှိ အချိန်အထိ ကုန်ဈေးနှုန်းတွေ တက်တာမျိုးမရှိဘဲ အရောင်းအဝယ်က ပုံမှန်အတိုင်းပဲ ဖြစ်တယ်လို့ ကိုဝင်းနိုင်က ဆက်ပြောပါတယ်။
နိုင်ငံရေး အခြေအနေ မကောင်းရင် လက်လုပ်လက်စားတွေ စားဝတ်နေရေးခက်ခဲမှာ စိုးရိမ်တယ်လို့ ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်မိမိခင်က ပြောပါတယ်။
ဧရာဝတီတိုင်းက ဒေသခံတွေကလည်း အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ထုတ်ပြန်ပြောဆိုတာတွေ ရှိနေပါတယ်။
ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့၊ တပ်မတော်ရဲ့ အာဏာသိမ်းမှုဟာ မဲဆန္ဒရှင်ပြည်သူတွေကို စော်ကားတာ ဖြစ်ကြောင်းနဲ့ အမြန်ဆုံး လွှတ်တော်ပြန်ခေါ်ပေးဖို့ မနေ့က တောင်းဆိုထားပါတယ်။
တပ်မတော်က ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အာဏာသိမ်းတာကို လက်မခံနိုင်တာကြောင့် ကြေညာချက်ထုတ်ပြန်တောင်းဆိုတာလို့ ဧရာဝတီတိုင်း လူငယ်ရေးရာကော်မတီဝင် ကိုမျိုးမင်းပိုင်က ပြောပါတယ်။
နေရာဒေသအသီးသီးက ပြည်သူတွေအနေနဲ့ မတရားမှုတွေကို တစုတစည်းတည်း တုံ့ပြန်သွားမယ်လို့ ထင်ကြောင်းလည်း ကိုမျိုးမင်းပိုင်က ပြောပါတယ်။
အာဏာသိမ်းလိုက်တာဟာ နိုင်ငံတကာမှာ တပ်မတော်ရဲ့ ဂုဏ်သိက္ခာများစွာထိခိုက်ပြီး ဘာကြောင့် ဒီလိုလုပ်လိုက်တယ်ဆိုတာကို စဉ်းစားလို့မရဘဲဖြစ်မိကြောင်း ဧရာဝတီတိုင်း NLD ပါတီ တွဲဘက် အတွင်းရေးမှူး ဒေါ်ခင်လှဌေးက ပြောပါတယ်။
ရခိုင်ဒေသခံတချို့ကတော့ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက်မှာ တပ်မတော်က အာဏာသိမ်းတဲ့ဖြစ်စဉ်ဟာ ပြည်သူတွေနဲ့ ယဉ်ပါးနေတာဖြစ်လို့ အံ့သြစရာမရှိဘူးလို့ မြင်ပါတယ်။
၈၈ အရေးအခင်းကို ဖြတ်သန်းခဲ့ဖူးတဲ့ စစ်တွေမြို့က ပန်းချီဆရာ ဦးမောင်မောင်စောက တပ်မတော်က အာဏာလွှဲယူလိုက်တဲ့ကိစ္စဟာ စိုးရိမ်ဖို့ကောင်း၊ မကောင်းကို စောင့်ကြည့်ရဦးမယ်လို့ ပြောပါတယ်။
“အာဏာလွှဲယူလိုက်တဲ့ တပ်မတော်ဘက်က ပုဂ္ဂိုလ်တွေရဲ့အကြောင်းပြချက်နဲ့ သူတို့ရဲ့အမျိုးသား စေတနာအပေါ်မှာ မူတည်တယ်။ သူတို့ရဲ့ အမျိုးသားရေးစေတနာ မမှန်ကန်ဘူး၊ မမှန်ကန်ခဲ့ဘူး ဆိုလို့ ရှိရင်တော့ စိုးရိမ်စရာရှိတယ်၊ သူတို့ရဲ့အမျိုးသားရေးစေတနာ၊ နိုင်ငံရေးစေတနာ၊ အမျိုးသား နိုင်ငံရေး စေတနာ မှန်ကန်တယ်ဆိုလို့ရှိရင်တော့ ပြည်သူတွေရဲ့ စိုးရိမ်နေရာကနေ ပိုကောင်းတဲ့ဘက်ကို ရောက်သွားနိုင်တယ်လို့ ပြောချင်တယ်”
၈၈ အရေးအခင်းကို ဖြတ်သန်းခဲ့ဖူးတဲ့ နောက်ထပ်စစ်တွေမြို့ခံတစ်ဦးဖြစ်သူ ဦးခင်မောင်ကြီးကတော့ တပ်မတော်အနေနဲ့ တိုင်းရင်းသားတွေအပေါ်မှာ သက်ညှာတဲ့အနေအထားနဲ့ ကိုင်တွယ်ရတော့မှာဖြစ်လို့ ရခိုင်ဒေသအတွက်တော့ ဆိုးရွားတဲ့အခြေအနေကို ရောက်လာမှာမဟုတ်ဘူးလို့ ယုံကြည်ကြောင်း ပြောပါတယ်။
“ရခိုင်ရဲ့လက်ရှိအနေအထား စစ်ရေးပဋိပက္ခအခြေအနေက ငြိမ်သက်နေပေမယ့်လို့ ဘယ်အချိန်မှာ ဘယ်လို ပြန်ပြီးစဖြစ်မလဲဆိုတဲ့ဥစ္စာကိုက နည်းနည်းစိုးရိမ်ရတဲ့စိတ်နဲ့ စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်တယ်ပေါ့လေ။ ဒါပေမဲ့ သိပ်တော့ဆိုးဆိုးဝါးဝါး ဖြစ်လာလိမ့်မယ်လို့တော့ မထင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလက်ရှိ အာဏာသိမ်းလိုက်တဲ့လူတွေရဲ့ အနေအထားက တတ်နိုင်သမျှ ပြည်သူလူထုပေါ့လေ တိုင်းရင်းသားအားလုံးကို တတ်နိုင်သမျှ သက်သက်ညှညှာနဲ့ ကိုင်တွယ်ရတော့မယ့် အနေအထားတစ်ရပ် ရှိနေတယ်လို့ ဒီလိုပဲမြင်တယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဟာ ရခိုင်ပြည်နယ်က အရပ်သားတွေ ရာနဲ့ချီသေဆုံးပြီး လူ နှစ်သိန်းလောက် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လျစ်လျူရှုခဲ့တာကြောင့် အခုတပ်မတော် က အာဏာသိမ်းလိုက်တဲ့ကိစ္စမှာ သူတို့အတွက် ဆုံးရှုံးခဲ့ရတာမရှိဘူးလို့လည်း ဒေသခံတွေကြားမှာ ပြောဆိုနေ တာတွေလည်း တွေ့ရပါတယ်။