ရပ်ကျေးဥပဒေပြင်ပြီးရင် စာပေဟောပြောပွဲ အတွက် ထောက်ခံစာမလိုတော့


2016.11.18
aungsoe-620.jpg ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး နိုဝင်ဘာလ ၁၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ မေးမြန်းချက်များ ကို ပြန်လည်ဖြေကြားစဉ်
.

ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အတည်ပြုပြဌာန်းပြီးရင် စာပေဟောပြောပွဲ၊ တရားပွဲနဲ့ ဖျော်ဖြေပွဲတွေ ကျင်းပဖို့ ထောက်ခံချက်ယူစရာ မလိုအပ်တော့ဘူးလို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။

တွံတေးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ရဲ့ ယနေ့အချိန်အထိ စာပေဟောပြောပွဲတွေနဲ့ တရားပွဲတွေပြုလုပ်ဖို့ အာဏာပိုင်အဆင့်ဆင့်ဆီက ထောက်ခံချက်ရမှ ကျင်းပပြုလုပ်ခွင့်ရတဲ့အတွက် အခက် အခဲရှိတာကြောင့် ဖြေလျော့ပေးဖို့ ရှိ၊ မရှိ မေးခွန်းကို ဗိုလ်ချုပ်အောင်စိုး က အခုလို ပြန်လည်ဖြေကြားသွားတာပါ။

"အဆိုပါဥပဒေမူရင်း၏ ပုဒ်မခွဲ ၁၃ ၏ ပုဒ်မခွဲ (စ) မှာ အများပြည်သူဖျော်ဖြေသည့်ပွဲများ၊ ပြပွဲများ၊ ရိုးရာဓလေ့အရကျင်းပသည်နှင့်စပ်လျဉ်း၍ ရပ်ကွက် သ့ိုမဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံ အသိပေးတင်ပြပြီး တာဝန်ယူ၊ တာဝန်ခံ၍ ကျင်းပပေးခြင်းဟု ဖော်ပြထား ရှိပါတယ်၊ သို့ပါ၍ အဆိုပါဥပဒေမူကြမ်းကို အတည်ပြုပြဌာန်းပြီးပါက အဆင့်ဆင့် ထောက်ခံရန် မလိုအပ်တော့တဲ့အတွက် ပိုမိုလွယ်ကူလျှင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်း တင်ပြလိုပါတယ်"

လက်ရှိ ၂၀၁၂ ခုနှစ် ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေနဲ့ နည်းဥပဒေတို့မှာ စာပေဟောပြော များ၊ တရားပွဲများ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကစပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးအထိ အဆင့်ဆင့်တင်ပြပြီး ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရမယ်လို့ ပြဌာန်းပါရှိတာဖြစ် ပါတယ်။

၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးပြီး မကြာခင် အတည်ပြု ပြဌာန်းတော့မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။