ပုလောမြို့နယ် NLD ကို အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ပြု
2012.07.15

အာဇာနည်နေ့ အခမ်းအနား ကျင်းပခွင့်ရဖို့ အတွက် အခုလဆန်းပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူပြီး စာရေးတင်ပြ တောင်းဆိုထားတာကို ဇူလိုင်လ ၁၄ ရက်နေ့ မနေ့က ခွင့်ပြုကြောင်း တရားဝင် ခေါ်ယူ ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပုလောမြို့နယ် NLD စည်း အဖွဲ့ဝင် ဦးကိန်းရှိန် က အာအက်ဖ်အေ ကို အခုလို ပြောပါတယ်။
"အာဇာနည်နေ့ အခမ်းအနား လုပ်မယ်ပေါ့၊ အာဇာနည်နေ့ ကျောက်တိုင် သွားပြီးတော့ အလေးပြုမယ်၊ ပန်းခွေချမယ်၊ အဲ့ဒီ ကိစ္စကို ကျနော်တို့ မြို့နယ် အုပ်ချုပ်ရေးမှူးဆီ စာတင်ထားပြီးတော့ ကျနော်တို့ သွားမယ့်ဟာက ဘောလုံးကွင်းထဲမှာ ရှိတော့ကာ အားကာ ခွင့်ပြုချက်လည်း ပြုရင်းပေါ့။ ပေးပါဆိုပြီး တွဲတင်ထားတယ်ခင်ဗျ၊ အဲ့ဒါကို မနေ့က စနေနေ့က အစည်းဝေးလုပ်တယ်လေ။ ကျနော်တို့ ခေါ်ပြီးတော့ အုပ်ချုပ်ရေးမှူးရော၊ အတွင်းရေးမှူးရော တခြားမြို့နယ်မှူးတွေရော ပါတယ်ခင်ဗျ၊ အုပ်ချုပ်ရေးမှူးက ကျနော်တို့ကို အခမ်းအနားတော့ လုပ်ပါလို့ ခွင့်ပြုလိုက်တယ်။"
တိုင်းပြည်အတွက် အကျိုးပြုသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစားကြည်ညို ဂုဏ်ပြုတဲ့ အနေနဲ့ ဒီ အခမ်းအနား လုပ်ဖို့ စီစဉ်ခဲ့ရတာ ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ပိတ်ပင်ခံထားရတဲ့ အာဇာနည်နေ့ အခမ်းအနားကို မြို့နယ် NLD ရုံးမှာ အခမ်းအနား ကျင်းပမှာ ဖြစ်သလို နေ့လည်ပိုင်းမှာ အာဇာနည် ကျောက်တိုင်မှာ ပန်းခွေချတဲ့ အခမ်းအနားနဲ့ ညပိုင်းမှာ ဟောပြောပွဲတွေ လုပ်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။