လှည်းတန်း၊ ပြည်မြန်မာကုန်တိုက်က ဆိုင်ရှင်များ ဆန္ဒပြ
2011.10.02
ဆန္ဒပြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ကြောင်း ဆန္ဒပြနေစဉ် အဲဒီနေရာကို ရောက်ရှိနေတဲ့ မျက်မြင်သက်သေတဦးက RFAကို ပြောပြပါတယ်။
“ဆိုင်ခန်းတွေကို မတရား ရွှေ့ပြောင်းခံရတဲ့အတွက် တစုံတရာ ပြန်စီစဉ်ပေးဖို့ ဆန္ဒပြတာပါ။ နေ့ခင်း ၁၂ နာရီလောက်က စတယ်။ လူ ၂ဝ ဝန်းကျင် လောက်ရှိမယ်။ ၂ ယောက်ကို ဖမ်းသွားတယ်၊ ကမာရွတ်က။ ရဲတွေလည်း ပါတယ်။ အရပ်ဝတ်တွေလည်း ပါတယ်လို့ ပြောတယ်။ မယက ရုံးကို ခေါ်သွားတယ်လို့ ပြောတယ်။ မယက ရုံးကိုလိုက်သွားတော့ ပြန်လွှတ်ပေးလိုက်ပြီလို့ ပြောတယ်။ ဒါပေမယ့် အပြင်ဘက်မှာ စောင့်နေတဲ့ အဖမ်းခံရတဲ့ ကောင်မလေးတယောက်ရဲ့ အမကို မေးကြည့်တော့ ပြန်မလွှတ်သေးဘူး၊ သူတို့ လျှောက်ပြောနေတာလို့ ပြောတယ်”
ပြည်မြန်မာ ကုန်တိုက်ဟာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ဖြစ်ပါတယ်။ အဲဒီ ဆိုင်ခန်းတွေကို အစိုးရက လွန်ခဲ့တဲ့ (၆) လလောက် ကတည်းက လေလံတင် ရောင်းချခဲ့ရာမှာ A.A Enterprise ကုမ္ပဏီက ဝယ်ယူခဲ့ပြီး နဂိုမူလ ဆိုင်ခန်းပိုင်ရှင်တွေကို ဖယ်ခိုင်းခဲ့ရာက အခုလို ဆန္ဒပြမှု ဖြစ်ပွားလာတာပါ။ ဒါပေမယ့် ဆိုင်ခန်းတွေကို လေလံပစ်ချိန်မှာ အစိုးရက ဆိုင်ရှင်တွေကို သေသေချာချာ အသိမပေးခဲ့ဘူးလို့ ဆိုင်ခန်းပိုင်ရှင်တွေက ပြောပါတယ်။
ဆိုင်ခန်းတွေကို အတင်းဝင်ရောက် ဖယ်ရှားခိုင်းတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အဲဒီ မျက်မြင်သက်သေ ပြောပြတာက
“ကျန်တဲ့ ဆိုင်ခန်းတွေ ရှိတယ်။ တချို့တဝက် ဆိုင်ခန်းတွေကို ဖယ်ခိုင်းတယ်။ ဆိုင်ခန်းထဲက ဟာတွေ ဆွဲဖြုတ်တယ်၊ သော့တွေ ဖွင့်ပြီး စစ်တာဆေးတာတွေ လုပ်တယ်။ အဲဒီလို ဖယ်ခိုင်းတဲ့အတွက် ဆန္ဒပြတာလည်း ပါတယ်ပေါ့။ နောက်နေ့တွေလည်း ဆက်လုပ်မယ်လို့ သိရတယ်”
ပြည်မြန်မာ ကုန်တိုက်ထဲမှာ ဆိုင်ခန်းပေါင်း (၉၈) ခန်း ရှိတယ်လို့ သိရပါတယ်။