သိမ်းယူထားတဲ့ လယ်ယာမြေတွေ ပြန်လည်စွန့်လွှတ်ဖို့ တောင်သူတွေ တောင်းဆို


2018.10.06
pyinoolwin-farmers-press-622 လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်စွန့်လွှတ်ပေးဖို့ ၂၀၁၈၊ အောက်တိုဘာ ၆ ရက်နေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုကြစဉ်
Photo: Khaymani Win/ RFA

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာစိုက်ကွင်းအတွင်း လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး ဌာနက သိမ်းယူထားတဲ့ လယ်ယာမြေဧက ၆၀၀ ကျော်ကို ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်သူ ၃၀ လောက်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

မြေသိမ်းခံရတဲ့တောင်သူတွေထဲက ၃၀ လောက် စုပေါင်းပြီး မတ္တရာမြို့နယ်၊ ရေနံ့သာကျေးရွာအနီးက အမှတ် ၂၂ စိုက်ကွင်းမှာ ဒီနေ့မနက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်တာပါ။ သိမ်းယူခံရစဉ်က မြေဧက အားလုံးကို ပြန်လိုချင်တယ်လို့ တံငါမြောက်ရွာက မြေသိမ်းခံတောင်သူ ဦးဘိုသောင်းက ပြောပါတယ်။

"ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။ တောင်သူတွေ ညီညီမျှမျှ ရရမယ်။ သူတို့က စိတ်တိုင်းကျ သတ်မှတ်ပြီးမှ ဟိုဟာစွန့်တယ်။ ဒီဟာ မစွန့်ဘူး ပြောတယ်။ ရေဝပ်ဧရိယာပဲဖြစ်ဖြစ် မူလသိမ်းခံရတဲ့မြေယာတွေ အကုန်လုံး ပြန်ရမှပဲ ကျေနပ်မယ်"

အဲဒီလယ်မြေဧက ၆၀၀ ကျော်ကို တောင်သူ ၁၃၀ လောက်က ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး သိမ်းယူခံရစဉ်က လျော်ကြေး၊ နစ်နာကြေး ရရှိခဲ့တာ မရှိဘူးလို့လည်း တောင်သူတွေက ပြောပါတယ်။

ရေနံ့သာစိုက်ကွင်းကို လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ၁၉၈၅-၈၆ ခုနှစ်လောက်မှာ သိမ်းယူတာ ဖြစ်တယ်လို့ သိရပါတယ်။

သိမ်းယူခံရတဲ့ လယ်ယာမြေတွေအတွင်းမှာ တောင်သူတွေက ၂၀၁၅ ခုနှစ်လောက်ကတည်းက ဝင်ရောက် စိုက်ပျိုးခွင့် ရရှိနေပြီဖြစ်ပေမယ့် တရားဝင် ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်သူတွေက လိုလားကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။