ကိုယ်စားလှယ်တာဝန်ရုပ်သိမ်းခြင်း ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော် ဆုံးဖြတ်မည်
2015.08.19

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ တောင်းဆိုထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တာဝန် ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု ပြဌာန်းဖို့ သင့်၊ မသင့်ကို မနက်ဖြန် ပြည်ထောင်စုလွှတ်တော် မှာ ဆွေးနွေးဆုံးဖြတ်မယ်လို့ လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီနေ့ ပြောလိုက်ပါတယ်။
အဲဒီဥပဒေကြမ်းအပေါ် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက အစီရင်ခံစာတင်ပြီးနောက်မှာ လွှတ်တော်နာယက သူရဦးရွှေမန်းက အခုလိုပြောတာ ဖြစ်ပါတယ်။
"လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာဥပဒေကြမ်းကို အတည်ပြုပြဌာန်းနိုင်ရေး နဲ့ ဆက်လျဉ်းပြီး ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့် ဆွေးနွေးခြင်းနဲ့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ရ ယူခြင်းကို မနက်ဖြန် ၂၀ ရက် ၈ လ ၂၀၁၅ ရက်နေ့မှာ ဆောင်ရွက်ပါမယ်၊ ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်များရှိပါက ဒီနေ့ အစည်းအဝေးပြီးချိန်မှာ အမည်စာရင်းပေးပို့ကြဖို့ဖြစ်ပါတယ်"
အဲဒီဥပဒေကြမ်းကို ပြဌာန်းနိုင်ရေးနဲ့ပတ်သက်ပြီး ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီ ၁၉ ပါတီက လွှတ်တော် ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေနဲ့ မနေ့က ဆွေးနွေးရာမှာ နိုင်ငံရေးပါတီ ၆ ပါတီ ကသာ လွှတ်တော်ကိုယ်စားလှယ် တာဝန်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို အလျင်အမြန် ပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဘက်အတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံရေးပါတီ ၁၃ ပါတီက လွှတ်တော် ကိုယ်စားလှယ်တာဝန်ကို သက်ဆိုင်ရာမဲဆန္ဒနယ်က မဲပေးခွင့်ရှိသူ တစ်ရာခိုင်နှုန်းနဲ့ ဖြုတ်ချနိုင်တယ်ဆိုတာကို လက်မခံကြောင်းနဲ့ အဲဒီဥပဒေကြမ်းကို အလျင်အမြန်မပြဌာန်း သင့်ကြောင်း ဆွေးနွေးကြတယ်လို့ ဒေါက်တာမြတ် ဉာဏစိုးက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"နိုင်ငံရေးပါတီအများစုဖြစ်တဲ့ ၁၃ ပါတီနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပါပြဌာန်းချက်ဖြစ်တဲ့ တာဝန်မှပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့်ပတ်သက်ပြီး တိုင်တန်းချက်ကို တင်ပြခွင့်ရှိသည့် သက်ဆိုင်ရာ မဲဆန္ဒနဲ့ မူလမဲဆန္ဒရှင်များအနက် အနည်းဆုံး ၁ ရာခိုင်နှုန်းဆိုတဲ့ သက်မှတ်ချက်ဟာ လွန်စွာနည်းပါးတဲ့ ရာခိုင်နှုန်းဖြစ်ပြီး နိုင်ငံရေးအကျပ်အတည်း များပေါ်ပေါက်လာရန် ဖန်တီးသကဲ့သို့ဖြစ်နိုင်ခြင်း၊ ဥပဒေပြုလွှတ်တော်ကို မတည်မငြိမ်ဖြစ်စေရန် ဆောင်ရွက် သကဲ့သို့ ဖြစ်နေခြင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း နဲ့ အစီရင်ခံစာတင်ပြခြင်းတို့မှာ သင့်တော်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ဆောင်ရွက်သင့်ခြင်း တို့အပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်ခြင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထိခိုက်နိုင်ခြင်း စတဲ့အထူးအလေးထားသုံးသပ်ရမယ့် အချက်များကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှသာ အချိန်ယူဆောင်ရွက်သင့်ကြောင်း တင်ပြခဲ့ကြ ပါတယ်"
ဒါ့အပြင် ဥပဒေကြမ်းပူးပေါင်းကော်မတီကလည်း အဲဒီဥပဒေကြမ်းကို အလျင်အမြန် ပြဌာန်းဖို့ မသင့်ကြောင်း တင်ပြခဲ့ ပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်နဲ့ ကရင်ပြည်နယ် ဒီမိုကရေစီနဲ့ ဖံ့ွဖြိုးုတိုးတက်ရေးပါတီတို့က အဲဒီဥပဒေကြမ်းကို အလျင်အမြန် ပြဌာန်း သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီဥပဒေကြမ်းကို ပြဌာန်းဖို့ သင့်၊ မသင့်ကို မနက်ဖြန် ဆုံးဖြတ်ပြီးနောက် ပြဌာန်းသင့်တယ်ဆိုရင် လာမယ့် သြဂုတ်လ ၂၃ ရက်နေ့မှာ ဆွေးနွေးပြီး အတည်ပြု မှာဖြစ်ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်သူ တင်ပြထားတာ နားဆင်နိုင်ပါတယ်။