လွှတ်တော်ကိုယ်စားလှယ် ရုပ်သိမ်းခြင်း ဥပဒေကြမ်း မဆွေးနွေးသင့်ကြောင်း မဲခွဲအတည်ပြု
2015.08.20

လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှာ ဆက်လက်ဆွေးနွေးသင့်၊ မသင့်ကို ဒီနေ့ မဲခွဲဆုံးဖြတ်ရာ မသင့်ကြောင်း မဲပေးသူများတဲ့အတွက် အဲဒီဥပဒေ ကြမ်းဆွေးနွေးရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပါတယ်။ ဆိုင်းငံ့ရေးအတွက်မဲခွဲရာမှာ ထောက်ခံမဲပေးသူ ၂၆၀ ကျော်ရှိပြီး၊ ကန့်ကွက်မဲပေးသူ ၂၃၀ ကျော်သာရှိတဲ့အတွက် ဆိုင်းငံ့လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ကြေညာလိုက်ပါတယ်။
"အဆိုကို ထောက်ခံမဲ ၂၆၄ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ကြားနေ ၁၂ မဲ ဖြစ်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျာ ထောက်ခံဆန္ဒမဲများတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ပြန်လည်ရုပ်သိမ်းဆိုင်ရာ ဥပဒေကြမ်း အတည်ပြုပြဌာန်းနိုင်ရေး ဆက်လက်ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အတည်ပြုကြေညာပါတယ်"
ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်ရောက်တဲ့ ကိုယ်စားလှယ် ၅၂၄ ယောက်က စက်ခလုတ်နှိပ်ပြီး လျှို့ဝှက်ဆန္ဒမဲပေးရာမှာ ကြားနေ ၁၂ မဲ၊ ကန့်ကွက်မဲ ၂၃၅ မဲ၊ ထောက်ခံမဲ ၂၆၄ မဲ ရရှိရာ ဥပဒေကြမ်းကို ဆွေးနွေးမှု ဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တာဝန် ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် ဆက်လက်ဆွေးနွေး သင့် မသင့်ကို တပ်မတော်သားကိုယ်စားလှယ် ၁ဦး၊ ကြံ့ခိုင်ရေးပါတီ၊ အန်အယ်လ်ဒီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီနဲ့ တိုင်းရင်းသား ကိုယ်စားလှယ် စုစုပေါင်း ၁၅ဦးက ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပါဝင်ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ်နဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တချို့က အဲဒီဥပဒေကြမ်းကို အမြန်ပြဌာန်းသင့်ကြောင်း ဆွေးနွေးခဲ့ပြီး ကျန်တဲ့ကိုယ်စားလှယ်တချို့က တာဝန်ကိုပြန်လည်ရုပ်သိမ်းခွင့်ပေးထားတဲ့ မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းဆိုတဲ့ သတ်မှတ်ချက်ကို ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ ကြပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် တင်ပြထားတာ နားဆင်နိုင်ပါတယ်။