ငလျင်ဒုက္ခသည်တွေ အမိုးအကာ လိုအပ်နေ

ရှမ်းပြည်နယ်အရှေ့ပိုင်းက ငလျင် ဘေးဒဏ်သင့် ပြည်သူ ထောင်ပေါင်း များစွာအတွက် အမိုးအကာတွေ ရရှိဖို့ အထူး လိုအပ်နေတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

2011.04.02
quake_tarlay_305_z.png မတ်လ ၂၄ ရက်နေ့က မြေငလျင် လှုပ်သွားပြီးနောက် ရှမ်းပြည်နယ် တာလေမြို့တွင် ထောက်ပံ့ကူညီရေး ပစ္စည်းများ သယ်လာသည့် ဒုက္ခသည် တဦးကို ပြိုကျပျက်စီးနေသော အဆောက်အအုံများ အနီး တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ တာလေမြို့နယ်က ကျေးရွာတွေမှာ အမိုးအကာ မရှိတဲ့ ပြဿနာဟာ အဓိက စိုးရိမ်စရာ ဖြစ်နေကြောင်း ဧပြီလ ၁ ရက် နေ့စွဲနဲ့ ထုတ်ဝေတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေး ဌာနက ထုတ်ဝေတဲ့ IRIN သတင်းစာစောင်မှာ ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ အခုလတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲဟာ အမိုးအကာနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ဝယ်ယူရတဲ့ ကိစ္စပါလို့ ရန်ကုန်အခြေစိုက် Wold Vision အဖွဲ့က ဌာနေကိုယ်စားလှယ် Chris Herink က ပြောပါတယ်။

ကယ်ဆယ်ရေးပစ္စည်းတွေ ဝယ်လို့ရတဲ့ မြို့ကြီးဆိုလို့ တာချီလိတ်နဲ့ ကျိုင်းတုံပဲရှိပြီး အဲဒီမှာ ကယ်ဆယ်ရေး ပစ္စည်းတွေ ပြတ်နေကြောင်း၊ ဒါ့ကြောင့် ရန်ကုန်က ပြန်သယ်ရတဲ့အတွက် အချိန် ကြာတာတွေရှိကြောင်း၊ ထိုင်းနိုင်ငံဘက်က ဆိုရင် နာရီပိုင်းအတွင်း ဝယ်ရနိုင်တဲ့အတွက် ဒီကိစ္စကို ဆွေးနွေးနေကြောင်း Mr. Herink က ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ၊ မြန်မာ့ကြက်ခြေနီ၊ World Vision အဖွဲ့တွေရဲ့ ကနဦး လေ့လာချက်အရ တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲက ရွာပေါင်း ၉ဝ ကျော်ဟာ အနည်းနဲ့အများ ငလျင်ဒဏ် သင့်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၂၄ ရက်နေ့ ငလျင်ကြောင့် လူပေါင်း ၃ ထောင့် ၁ ရာကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူပေါင်း ၂ သောင်းနီးပါး ဘေးသင့်ခဲ့ပါတယ်။ အစိုးရ တရားဝင် ထုတ်ပြန်ချက်အရ သေဆုံးသူ ၇၄ ဦးလို့ ဆိုပေမယ့် ဒေသခံတွေကတော့ ဒီထက်ပိုများနိုင်တယ်လို့ ပြောဆိုကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီဒေသမှာ ကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်ခင်မိုးမိုးကို RFA က မခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။