မြန်မာပြည် ငလျင် နောက်ဆုံးအခြေအနေ

ရှမ်းပြည်တောင်ပိုင်း တာချီလိတ်၊ တာလေ၊ မိုင်းလင်း ဒေသတွေမှာ မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် (၇) ရှိတဲ့ ငလျင်ကြောင့် လူ ၇ဝ ကျော် သေဆုံးကြောင်း စစ်အစိုးရက ကြေညာခဲ့ပေမယ့် အသေအပျောက် ရာကျော်ရှိမယ်လို့ ဒေသခံတွေက ခန့်မှန်းကြပါတယ်။

2011.03.27
tarlay_quake_survival_305_z ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၂ဝဝ၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က အင်အား ၆.၈ ရှိသည့် ငလျင် လှုပ်သွားပြီးနောက် တာလေမြို့နယ်ရှိ ယာယီမြေစိုက်တဲတခုတွင် ငလျင်ဒဏ်မှ လွတ်မြောက်ခဲ့သည့် အဖွားအိုတဦးကို စေတနာ့ဝန်ထမ်း ဆရာဝန်တဦးက ကျန်းမာရေး စမ်းသပ် စစ်ဆေးပေးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တာလေမြို့က အပျက်အစီး၊ အသေအပျောက် အခြေအနေနဲ့ ပတ်သက်ပြီး တာချီလိတ် မြို့ခံတဦးက အာအက်ဖ်အေကို အခုလို ပြောပါတယ်။

“တာလေမှာ ၁ဝ ပေလောက် ကျယ်တဲ့ အမြောင်းကြီးတွေ၊ မြေတွေ အက်ကွဲကုန်တယ်။ အိမ် ၃ဝ ကျော်လောက်က အမိုးပဲ မြင်ရတယ်။ လူတွေ အတော်များများ ဆုံးသွားတယ်။ အလောင်းက ၁ ရာလောက် ရပြီ။ နောက်ထပ် အလောင်း ဘယ်လောက်ရမယ် ဆိုတာတော့ မသိသေးဘူး။ လူတရာကျော်တော့ တော်တော် ဒဏ်ရာရထားပြီးပြီ”

ကျိုင်းတုံမြို့ခံ တယောက်ကလည်း ...

“တော်တော်များများ သေတယ်။ ကျမ သိတဲ့လူတွေတော့ သေသွားကြကုန်ပြီ။ အသက် ၇ဝ ကျော်တွေ ဦးလေးတု့ိ အဖိုးအဖွားတို့တွေ ဘုရားရှိခိုးရင်း ငလျင်လှုပ်တာနဲ့ အောက်ထစ်ကို ဗြုန်းကနဲဆို ပြုတ်ကျပြီး ဘာမှတောင် မသိသွားဘူး”

တာချီလိတ်နဲ့ အနီးတဝိုက်မှာ နေ့စဉ် ဆိုသလို ငလျင်အငယ်စားတွေ ဆက်လက် လှုပ်နေတဲ့အတွက် ဒေသခံ ပြည်သူတွေ အဆောက်အဦတွေထဲ မနေရဲဘဲ အပြင် ထွက်နေကြရတယ်လို့ ဆိုပါတယ်။

မိုင်းလင်းမှာ ဒီကနေ့မနက် လင်းအားကြီးအချိန်က ငလျင် ထပ်လှုပ်ခဲ့တဲ့အတွက် အဆောက်အဦတချို့ ပြိုကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ငလျင်ကြောင့် မိုင်းလင်းမှာ လူ ၂၉ ယောက် သေဆုံးပြီး၊ အိုးအိမ် ၁၂၈ လုံး ပျက်စီးခဲ့ပါတယ်။

အခု ငလျင်လှုပ်ရာ ဒေသဟာ ဆက်သွယ်ရေး မလွယ်ကူတဲ့အတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခက်ခဲနေတယ်လို့ သိရပါတယ်။ စစ်အစိုးရရဲ့ အကူအညီတွေလည်း ထိထိရောက်ရောက် မရောက်ရှိသေးသလို၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်း လိုအပ်နေကြောင်း သိရပါတယ်။

အဲဒီဒေသ နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်ပြီး တာချီလိတ် မြို့ခံတီးဖြစ်တဲ့ ဦးအိုက်လောင်း ကို အာအက်ဖ်အေ အဖွဲ့သား ဦးသစ်ဆင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။