မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း ကင်တားနားပြော


2013.02.21
quintana_305.jpg ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana ပုံ
photo: RFA/ Nay Thwae

မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုသော်ငြားလည်း၊ အဓိကဖြေရှင်းရမယ့် လူ့အခွင့်အရေး ပြဿနာတွေ ကျန်ရှိနေသေးကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မနေ့က ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ထွန်းနေတာဟာ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့အတွက် ကောင်းမွန်တဲ့လက္ခဏာ ဖြစ်ပါတယ်၊ ဒါပေမဲ့ မတို့မထိ၊ မဖြေရှင်းရသေးတဲ့ လူ့အခွင့်အရေး ဖေါက်ဖျက်မှုတွေကလည်း ရှိနေဆဲပါ၊ အထူးသဖြင့် ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ၊ အကြမ်းဖက်မှုတွေကြောင့်အိုးအိမ်စွန့်ထွက်ပြေးခဲ့ကြသူ ဒုက္ခသည်တွေအရေးဟာ အထူးစိုးရိမ်စရာဖြစ်ပါတယ်လို့ မကြာခင်က မြန်မာနိုင်ငံကို ငါးရက်ကြာ လာရောက်ခဲ့တဲ့ Mr. Quintana ကပြောပါတယ်။

ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်အင်အား တိုးပွားများပြားလာနေတာနဲ့အမျှ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေလည်း ရှိနေဆဲဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှာလည်း အကြမ်းဖက် ပဋိပက္ခတွေရဲ့ဒဏ်ကို ဗုဒ္ဓဘာသာနဲ့ မူဆလင် အသိုင်းအဝိုင်းနှစ်ရပ်လုံး ခံစားနေကြရဆဲဖြစ်ကြောင်း၊ မူဆလင်ဒုက္ခသည် စခန်းတချို့မှာ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ ဆိုးရွားနေရတာဟာ ဝန်ထမ်းနဲ့ ဆေးဝါးတွေ မလုံလောက်လို့ မဟုတ်ပဲ သွားခွင့်မရအောင် နှောက်ယှက်ခြိမ်းခြောက်မှုတွေရှိနေလို့ ဖြစ်တယ်လို့သိရကြောင်း၊ အခုလိုလူမှုကူညီရေး ဝန်ထမ်းတွေကို အန္တရာယ်ပြုတာဟာ လက်ခံနိုင်စရာအပြုအမူ မဟုတ်ဘူးဆိုတာ အများသိရှိအောင် အာဏာပိုင်တွေ က ဆောင်ရွက်ကြစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ အမှန်တရားဖေါ်ထုတ်ရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီး အမှန်တရား၊ တရားမျှတမှုနဲ့ တာဝန်ခံမှုဆိုင်ရာကိစ္စတွေကို ဖြေရှင်းဖို့၊ ဒါဟာ အမျိုးရင်ကြားစေ့ရေးအတွက် အလွန်အရေးကြီးသလို၊ နောင်မှာလူ့အခွင့်အရေး ချိုးဖါက်မှုတွေကို တားဆီးနိုင်မှာလည်းဖြစ်ကြောင်း Mr. Quintana  က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။