ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့


2013.08.14
quintana-kachin-trip-305.JPG ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သြဂုတ်လ ၁၄ ရက်နေ့က ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားတို့ကို တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ Quintana ဟာ ဒီကနေ့ ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဖို့ စီစဉ်ထား ပြီး ကေအိုင်အိုအခြေစိုက်ရာ လိုင်ဇာမြို့ကို သွားရောက်ဖို့အတွက် အစိုးရရဲ့ခွင့်ပြုချက် ကို စောင့်နေတယ်လို့ RFA ကို အခုလိုပြောပါတယ်။

ကျနော့်ခရီးစဉ်အတွင်း ဒေသအတော်များများကို သွားခွင့်ပြုခဲ့တဲ့အတွက် မြန်မာအစိုးရကို ကျေးဇူး တင်ကြောင်း ပြောလိုပါတယ်။ မြစ်ကြီးနားမြို့မှာ အစိုးရတာန်ရှိသူတွေအပြင် လူမှုအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး လိုင်ဇာကို သွားဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် ခွင့်ပြုချက်ကိုတော့ စောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား ပြောသွားတာပါ။

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုရဲ့ နည်းပညာအကြံပေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက မစ္စတာကင်တာနား လိုင်ဇာကို သွားရောက်လေ့လာမယ်ဆိုရင် ကြိုဆိုကြောင်း အခုလိုပြောပါတယ်။

ခွင့်ပြုချက်ရရင် လိုင်ဇာကို ဒီညနေပိုင်းထွက်မယ်၊ ဒီညဟိုမှာအိပ်မယ်၊ မနက်ဖြန် ပြန်လာမယ်လို့ပြောတယ်။ နည်းပညာအကြံပေးအဖွဲ့ဝင် တစ်ယောက်အနေနဲ့ ကျနော်လိုက်သွားမယ်၊ သူတို့အစိုးရကို သွားညှိတယ်၊ ဒီကနေ့တော့ ဘာမှထွေထွေထူးထူး ဆွေးနွေးတာတော့မရှိဘူး၊ ဒါပေမယ့် အခုလို ကချင်ပြည်နယ်ထဲက လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို သူစိတ်ဝင်တစားလာပြီးတော့ စုံစမ်းတယ်၊ ပြီးရင် ကေအိုင်အိုရဲ့ အနေအထားတွေကို သိချင်တဲ့ဆန္ဒနဲ့ လိုင်ဇာအထိသွားမယ်ဆိုတော့ ကျနော်တို့ကြိုဆိုပါတယ်”

လာမယ့်အာက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ တင်သွင်းမယ့် လူ့အခွင့်အရေး အစီရင်ခံစာအတွက် မြန်မာနိုင်ငံကို ဒီတစ်ကြိမ်လာရောက်တဲ့ ခရီးစဉ်ဟာ အရေးကြီးကြောင်း လက်ရှိမြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေကိုတော့ ခရီးစဉ်ပြီးဆုံးချိန်မှာပြုလုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာဖြေကြားမယ်လို့ RFA ကိုပြောပါတယ်။

မစ္စတာကင်တားနားဟာ ကချင်ပြည်နယ်ကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို လာရောက်လေ့လာတာတော့ ဒီတစ်ကြိမ်ဟာ ခုနှစ်ကြိမ်မြောက်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။