ကုလ အထူးကိုယ်စားလှယ် ကချင် စစ်ဒုက္ခသည်စခန်း သွားကြည့်
2014.02.16

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tomas Quintana ဟာ အစိုးရနဲ့ ကေအိုင်အိုတို့ နှစ်ဖက်သဘောတူ ခွင့်ပြုချက်နဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ အနီးတဝိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
လိုင်ဇာခရီးစဉ်နဲ့ ပတ်သက်ပြီး ကင်တားနားက မြစ်ကြီးနားမြို့က မထွက်ခွာခင် သတင်းထောက်တွေကို တွေ့ဆုံရာမှာ “လိုင်ဇာကို လည်ပတ်ခွင့်ရတာဟာ အထူးအရေးကြီးပါတယ်။ ကချင်ပြည်နယ်ဟာ နှစ်ပေါင်းများစွာ စစ်ဘေးကျရောက်ခဲ့တဲ့ ပြည်နယ်ဖြစ်သလို စစ်ဘေးဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ သူတို့ဖက်က ပြောဆိုလိုတဲ့ အခြေအနေတွေကိုလည်း သိရှိလိုပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးက လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ မဖြစ်တော့အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ဟာ အရေးကြီးပါတယ် “ လို့ ရှင်းပြခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ လူ့အခွင်အရေး အထူးကိုယ်စားလှယ်ဟာ ကချင်ပြည်နယ်အစိုးရအပြင် ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေ အခြေအနေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တိုးတက်လာမှု အခြေအနေကြောင့် အစိုးရအဖွဲ့ရဲ့ လက်လှမ်းမီ တဲ့နေရာအပြင် ကျန်တဲ့လိုင်ဇာက ဒုက္ခသည်စခန်းတွေကိုလည်းပဲ UN အဖွဲ့၊ INGO အဖွဲ့နဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်၊ အခုလည်းပဲ ထောက်ပံ့နေပါတယ်၊ ကချင်ပြည်နယ် အတွင်းမှာလည်း IDP Camp တွေကို အကုန်လုံးကနေပြီးတော့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေတဲ့ အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေအိမ်အဆောက်အဦး စသဖြင့်ပေါ့လေ ဒါတွေအားလုံးကို အကောင်းဆုံးအနေအထားမျိုးနဲ့ ဆောင်ရွက်နိုင်တယ် ဆိုတာကိုလည်း ပြောပြ ပါတယ်၊ ဒါလည်း သူကလက်ခံပါတယ်”
မစ္စတာကင်တာနားဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်ကနေ့က စတင်ပြီး လာမယ့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့အထိ သီတင်းတစ်ပတ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု အခြေအနေကို လေ့လာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ သွားရောက်လေ့လာခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်မျိုးမင်း သတင်းပို့ချက်ကို နားဆင်နိုင်ပါတယ်။