လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖေါ်ထုတ်ဖို့ ကုလ အထူး ကိုယ်စားလှယ် တိုက်တွန်း
2011.08.25

Photo: RFA
မြန်မာနိုင်ငံ ခရီးစဉ်အပြီး ပြန်လည် မထွက်ခွာခင် ရန်ကုန် လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက အစိုးရ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေး ဖေါ်ထုတ်ဖို့ တိုက်တွန်းသွားတာပါ။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့၊ စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ အတွက် ခြေလှမ်း အဆင့်တွေကို အစိုးရသစ်က ဖြတ်ကျော်နိုင်ခဲ့ပြီ ဆိုပေမယ့် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု ကိစ္စတွေကို ဖြေရှင်းပေးဖို့
လိုနေသေးတယ်လို့ မစ္စတာ ကင်တားနားက သတင်းထောက်တွေကို ပြောသွားတာပါ။
အင်းစိန်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံတုန်းက စစ်ကြောရေး ကာလမှာ ရက်ပေါင်းများစွာ မအိပ်ပဲ နေရတာ၊ အစာ မစားရတာ၊ အရိုက်အနှက် ခံရတာ၊ အထူးသဖြင့် ခန္ဓာကိုယ် နူးညံတဲ့ အစိတ်အပိုင်းတွေကို မီးတို့ပြီး နှိပ်စက်
စစ်ဆေးခံရတာတွေ ရှိခဲ့တာကို သူကြားသိခဲ့ရတယ်လို့ ပြောပါတယ်။ နောက်ပြီး အကျဉ်းသားတွေကို တိုက်ပွဲတွေမှာ ပေါ်တာ အဖြစ် အသုံးပြုတာတွေလည်း ရှိနေတယ် ဆိုတာ ကြားခဲ့ရတယ်လို့ မစ္စတာ ကင်တားနားက သတင်းထောက်တွေကို ပြောပါတယ်။
ငါးရက်ကြာမြင့်တဲ့ မြန်မာနိုင်ငံ ခရီးစဉ်မှာ အစိုးရ အဆင့်မြင့် ထိပ်တန်းအရာရှိတွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မစ္စတာကင်တာနားဟာ ဒီတခေါက် ခရီးစဉ်မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပထမဆုံးအကြိမ် တွေ့ဆုံနိုင်ခဲ့ပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ အခြေအနေဟာ သမိုင်းကြောင်းအရ အလွန်အရေးပါတဲ့အချိန်ကို ရောက်နေပြီး အပြုသဘော ဆောင်တဲ့ တိုးတက်မှုတွေ အတွက် အခွင့်အလမ်းတွေ ရှိနေပြီလို့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။