စစ်ရာဇဝတ်မှုများ စုံစမ်းရေး ကင်တားနား ထပ်မံ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အစိုးရက ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုအပြုံလိုက် သတ်ဖြတ်မှုတွေကို စုံစမ်း ဖော်ထုတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၁၄ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။

2011.03.15
quintana_aapp_305_Z မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)
(Photo: AAPP)

ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မလွဲမသွေ လိုအပ်ကြောင်း အဲဒီ စုံစမ်းဖော်ထုတ်ရေးကို လွတ်လပ်မှုနဲ့ စိတ်ချယုံကြည်ရမှု ရှိတဲ့ ဘက်လိုက်မှုကင်းတဲ့ အဖွဲ့အစည်းနဲ့ အမြန်ဆုံး ဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

ဒါ့ပြင် မစ္စတာ ကင်တားနားက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ ဆက်လက် ဆိုးဝါးနေဆဲဖြစ်ကြောင်း၊ အစိုးရအနေနဲ့ ယုံကြည်ရလောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဆောင်ဘူးဆိုရင် နိုင်ငံတကာက ဝင်ရောက် တာဝန်ယူ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ လိုအပ်ကြောင်း၊ အစိုးရသစ်အနေနဲ့လည်း အတိုက်အခံတွေကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး လူ့အခွင့်အရေး တိုးတက် ကောင်းမွန်အောင် လုပ်ဖို့ လိုအပ်ကြောင်း မစ္စတာ ကင်တားနားက တိုက်တွန်းသွားခဲ့ပါတယ်။

မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ထောက်ပြ ဝေဖန်တဲ့အတွက် စစ်အစိုးရက သူ့ကို ပြည်ဝင်ခွင့် ဗီဇာပိတ်ပင်ထားတာ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။

မနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ထိုင်းနိုင်ငံကိုယ်စားလှယ်က မစ္စတာ ကင်တားနားကို ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးပြီး လူ့အခွင့်အရေးခြေအနေတွေ သွားရောက် စုံစမ်းခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းသွားခဲ့ပါတယ်။

အမေရိကန် အစိုးရကိုယ်စားလှယ် Ms. Margaret Wang ကလည်း အမေရိကန် အစိုးရအနေနဲ့ မစ္စတာ ကင်တားနားရဲ့ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံပြီး၊ ဆက်လက် ထမ်းဆောင်သွားမဲ့ တာဝန်တွေအတွက်လည်း ကြိုဆိုကြောင်း ပြောသွားခဲ့ပါတယ်။

မြန်မာစစ်အစိုးရရဲ့ ကိုယ်စားလှယ် ဦးသန့်ကျော်ကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေး အရေးယူမှုတွေကို အစိုးရက အပြည့်အဝ ဆောင်ရွက်ပေးနေပြီး မစ္စတာ ကင်တားနားရဲ့ တင်ပြချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

မစ္စတာ ကင်တားနားရဲ့ အစီရင်ခံစာပါ စာပုဒ် ၁၃၊ ၁၄၊ ၁၇ တို့ကစလို့ ဒီအစီရင်ခံစာတခုလုံးနီးပါးဟာ မမှန်မကန် ဖော်ပြချက်တွေ ဖြစ်တာကြောင့် လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံမှာ ဥပဒေနဲ့အညီ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ပြီး၊ နှစ် ၅၀ အတွင်း ပထမဆုံး လွှတ်တော် ပေါ်ပေါက်နေပြီ ဖြစ်ကြောင်း၊ ပညာရေးကစလို့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက် ကောင်းမွန်နေကြောင်း ဦးသန့်ကျော်က ပြောသွားပါတယ်။

အလားတူ တရုတ်အစိုးရကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံအပေါ် ဖိအား ပေးမှုတွေကို ဆန့်ကျင်ကြောင်း၊ ရွေးကောက်ပွဲနဲ့ အစိုးရသစ်ကို နိုင်ငံတကာက ထောက်ခံကြိုဆိုကြဖို့ လိုအပ်ကြောင်း ပြောသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။