ငလျင်ဒဏ်သင့် ဂျပန်မှာ အနုမြူအန္တရာယ် အထူးစိုးရိမ်

ဂျပန်နိုင်ငံမှာ ဒီလ ၁၁-ရက်နေ့က ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆုနာမိ ဒီရေလှိုင်း ဒဏ်တွေကြောင့် နောက်တနေ့မှာ အနုမြူ ဓာတ်အားပေး စက်ရုံ အမှတ် ၁ ပေါက်ကွဲခဲ့အပြီး နောက်ထပ် ဓာတ်အားပေးစက်ရုံ အမှတ် ၂ နဲ့ ၃ တို့လည်း ပေါက်ကွဲနိုင်တယ်လို့ ခန့်မှန်းချက်တွေ ရှိနေတဲ့ အတွက် ဂျပန် တနိုင်ငံလုံး စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

2011.03.14
nuclear_reactor_blast_quake_305_z.png ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က အင်အား အလွန် ပြင်းသော ငလျင်ကြီးနှင့် ဆုနာမိ ရေလှိုင်းဒဏ်များ ခံထားရသည့် အနုမြူ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စက်ရုံများအနက်မှ ဖုကုရှီးမား အမှတ် (၁) စက်ရုံ၏ နံပါတ် ၃ ဓာတ်ပေါင်းဖို မတ်လ ၁၄ ရက်နေ့က ပေါက်ကွဲနေပုံ ဖြစ်ပါသည်။ (Photo: AFP / HO / NHK)
Photo: AFP / HO / NHK

ငလျင်ဒဏ်ကြောင့် အနုမြူဓာတ်အားပေး စက်ရုံတွေကနေ ဓာတ်အား မထုတ်လုပ်နိုင်တော့တဲ့ အတွက် တိုကျိုမြို့မှာ လျှပ်စစ်မီး ဖြတ်တောက်တာတွေ လုပ်ပြီး အလှည့်ကျ မီးပေးနေရတယ်လို့ သိရပါတယ်။

ဒါအပြင် နောက်ထပ် ငလျင်ကြီးတခု လှုပ်နိုင်သေးတယ်လို့ တရားဝင် သတိပေးချက် ထုတ်ပြန်ထားတဲ့အတွက် ဂျပန်မှာ ရှိတဲ့ မြန်မာတွေ အပါအဝင် လူတွေအားလုံး တုန်လှုပ် ခြောက်ခြားနေကြတယ်လို့ ဂျပန်မှာ နေထိုင်တဲ့ မိုင်ကျော်ဦးက RFA ကို ပြောပါတယ်။

“ဂျပန်လူထုက တော်တော်လေး တုန်လှုပ်တယ်။ ဒီ ဂျပန်ကျွန်းမှာ ရှိနေတဲ့ ကျွန်တော်တို့ ဗမာတွေလည်း တော်တော် စိုးရိမ်ထိတ်လန့်နေတယ်။ ဘာဖြစ်လဲဆိုတော့ သုံးရက်အတွင်း ငလျင်ကြီး လာမယ်ဆိုတာလည်း တရားဝင် ပြောသားတဲ့ ကိစ္စရယ်၊ ဖြစ်နိုင်ခြေပေါ့၊ လှုပ်နိုင်တယ် ၇၀ ရာခိုင်နှုန်း၊ သူတို့ ခန့်မှန်းတယ်။ စလှုပ်တဲ့ ၁၁ ရက်နေ့ကနေပြီးတော့ ကျွန်တော်တို့ဆီမှာ ၁၀ နှစ်ခြား တကြိမ်လောက် လှုပ်နေတော့လေ။ ဒီကနေ့ထိဆိုရင် ကျွန်တော် ထင်တယ်၊ အကြိမ် တထောင်ကျော်လောက် ရှိတယ်။ ငလျင် လှုပ်တယ်။ ကျွန်တော်တို့ တိုကျိုလည်း ဒီလို ခံစားရတယ်။ တွေ့နေရတယ်။ မနေ့ကတည်းကစပြီး သောက်ရေသန့် ဝယ်လို့ မရဘူး။ ကျွန်တော်က တိုကျို တကဲ့ မြို့လယ်မှာ၊ ကျွန်တော့ ပတ်ဝန်းကျင်မှာတောင်မှ သောက်ရေ ထွက်ရှာတာ မတွေ့ဘူးဗျ။ တထိတ်တလန့်တော့ ဖြစ်တာတော့ အမှန်ပဲ။”

တိုကျိုမြို့မှာ အခုဆိုရင် လူအများဟာ မီးမသုံးရတဲ့ ပေါင်မုန့်၊ ကိတ်ခြောက် အပါအဝင် အလွယ်အသင့် စားလို့ရတဲ့ အစားအစာတွေကို ရသလောက် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။