RFM စာမျက်နှာကို အရေးယူဖို့ အစိုးရကို တိုက်တွန်း
2020.10.12
လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) နဲ့ ဆင်တူယိုးမှား အမှတ်တံဆိပ်နဲ့ သတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ Radio Free Myanmar (RFM) ဆိုတဲ့ စာမျက်နှာဟာ ရွေးကောက်ပွဲကာလ အများပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေဖို့ အဖွဲ့အစည်းနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းအတွက် အရေးယူသင့်တယ်လို့ တိုက်တွန်းနေကြပါတယ်။
Radio Free Asia (RFA) သတင်းဌာနရဲ့ အမှတ်တံဆိပ်နဲ့ နာမည် ဆင်တူယိုးမှား ပုံစံတူ ပြုလုပ်ထားတဲ့ Radio Free Myanmar (RFM) သတင်းဆိုဒ် အတုဟာ လက်ရှိအာဏာရပါတီ NLD နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားတဲ့ သတင်းအမှားတွေ၊ အမုန်းစကားတွေကို လူမှုကွန်ယက်ကနေ ဖြန့်ဝေတဲ့အကြောင်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့ MIDO က ဖော်ထုတ်ခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၉ ရက်နေ့မှာ Frontier Myanmar နဲ့ Myanmar Now သတင်းဌာနတွေကလည်း ဒီအကြောင်းကို အကျယ်တဝင့်ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။
ဒီ RFM သတင်းအဖွဲ့နဲ့ စာမျက်နှာဟာ လွတ်လပ်တဲ့အာရှအသံ Radio Free Asia - RFA နဲ့ နာမည်ဆင်တူယိုးမှား ယူထားသလို အစိမ်းရောင် အဝိုင်းပေါ်မှာ အဖြူရောင်စာသား RFM လို့ပါ တံဆိပ်တူအောင်ယူထားတဲ့အတွက် မသိနားမလည်တဲ့ အများပြည်သူအတွက် RFA အလား ထင်ယောင်ထင်မှား ဖြစ်နေပါတယ်။ ဒီအဖွဲ့နဲ့ သတင်းဖော်ပြချက်တွေဟာ RFA နဲ့ လုံးဝသက်ဆိုင်ခြင်း မရှိပါဘူး။
MIDO ရဲ့ သတင်းအမှားနဲ့ အမုန်းစကားတွေကို အချက်အလက် စစ်ဆေးနေတဲ့ ‘ဟုတ်တယ်၊ မဟုတ်ဘူး’ ဆိုတဲ့ စစ်တမ်းအရ RFM ကနေ ဖြန့်ဝေတဲ့ အမုန်းစကားတွေ၊ သတင်းအမှားတွေဟာ တပ်မတော်ကို ထောက်ခံသူတွေလို့ဖော်ပြတဲ့ ဖေ့စ်ဘွတ်ခ် group တွေနဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ထောက်ခံတဲ့ group တွေ စာမျက်နှာတွေကတဆင့် ရေးသားဖြန့်ဝေနေတာလို့ ဖော်ပြထားပါတယ်။
တစ်လအတွင်း သတင်းအမှား အပုဒ်ရေ ၃၀၀ ကျော်ကို ရေးသားဖော်ပြနိုင်တဲ့အထိ အစုအဖွဲ့တစ်ခုအနေနဲ့ စနစ်တကျ စီမံကိန်းချ လုပ်ဆောင်နေတာလို့ MIDO ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။
MIDO ရဲ့ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က သူတို့ရဲ့ စစ်တမ်းနဲ့ ပတ်သက်ပြီး တွေ့ရှိထားချက်တွေကို အခုလို ပြောပါတယ်။
“RFM မှာ နောက်ကွယ်ကနေ ဘယ်သူက အယ်ဒီတာ ဘယ်သူက ဖောင်ဒါဆိုတာမျိုး မြန်မာပြည်မှာ မရှိတဲ့သူတွေကို ပုံတွေနဲ့ ဖော်ပြထားတယ်။ မသိတဲ့သူတွေကြည့်ရင် ဒီလူက မျက်နှာဖော်ပြတယ်၊ ဘက်ဂရောင်း ဖော်ပြတယ်၊ သမရိုးကျကြည့်လိုက်မယ်ဆိုရင် မှန်တဲ့သဘော တွေ့ရတယ်။ နောက် သတင်းတွေကို ကွက်ကြားကွက်ကြား တင်တာမျိုးမဟုတ်ဘဲ တကယ့်ကို သတင်းမီဒီယာကြီးတွေလို စဉ်ဆက်မပြတ်တင်တာမျိုးတွေ တွေ့ရတယ်”
ဒီသတင်းဆိုဒ်နဲ့ ပတ်သက်ပြီး အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တစ်စုံတစ်ရာ ဆက်စပ်နေနိုင်တယ်လို့ သုံးသပ်ချက်တွေရှိနေပေမယ့် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ သူမသိကြောင်း ငြင်းဆိုပါတယ်။
“ကျွန်တော် မသိဘူးဗျ။ တကယ် မသိတာ။ ကျွန်တော်လည်း ကိုယ့်ဘာသာ အောင်နိုင်ရေးကို မနည်းလုပ်နေရတာ”
ဒီလိုအမုန်းစကားနဲ့ သတင်းအမှားဖြန့်ဝေနေတဲ့ဖြစ်ရပ်တွေထဲမှာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်ဝေတိုက်ခိုက်မှုအပေါ် အရေးမယူဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ညွှန်ကြားထားတယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။
ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု၊ ရွေးကောက်ပွဲတို့နဲ့ ပတ်သက်တဲ့ သတင်းအမှား ဖြန့်ဝေမှုတွေကိုတော့ အရေးယူသွားမှာဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။
“သတင်းမှားဖြန့်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို အရေးမယူလိုပါဘူး၊ ဒါက နံပါတ် ၁၊ နံပါတ် ၂ က သတင်းမှားဖြန့်တဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို လူတွေသိအောင်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ နောက်တစ်ချက်က ဒီကာလမှာ သတင်းမှားတွေ ဖြန့်ဝေနေတဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တချို့ ကိုဗစ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေဖြန့်နေတာရှိပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ အရေးယူဖို့။ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင်၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ဖြစ်အောင် ပြောဆိုရေးသားတာတွေ မလုပ်ဖို့ ပြောချင်ပါတယ်”
နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ သတင်းမှားတွေ တင်နေတဲ့ RFM ကို Facebook က ဖြုတ်ချလိုက်ပြီဖြစ်ကြောင်း သမ္မတ အိမ်တော် သတင်းသမားများ ဖေ့ဘွတ်စ် ဂရုကနေ RFA ရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားထားပါတယ်။ ဖြုတ်ချလိုက်တဲ့ အခြေအနေ အသေးစိတ်ကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
NLD ပါတီ ဗဟိုပြန်ကြားရေး အတွင်းရေးမှုး မုံရွာအောင်ရှင်ကတော့ ပါတီအပေါ် တိုက်ခိုက်မှုတွေကို အရေးယူသင့်တယ်လို့ ရှုမြင်ပါတယ်။
“ထိထိရောက်ရောက် အရေးယူရမယ် ဒါကတော့ ပါတီအနေနဲ့ သိပ်လက်မခံဘူး၊ ပါတီအနေနဲ့ ဒါကို ထိထိရောက်ရောက် အရေးယူဖို့ ကြိုးစားမယ်လို့ ပြောချင်ပါတယ်”
လက်ရှိမှာ အစိုးရကနေ ကျပ်သိန်း ၆၀၀၀ အသုံးပြုပြီး ဖော်ဆောင်နေတဲ့ လူမှုကွန်ရက်စောင့်ကြည့် ထိန်းကြောင်းရေးအဖွဲ့ (SMMT) က စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေကြားရကြောင်းလည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွဲဘက်အတွင်းရေးမှုး ၁ ဦးမြင့်ကျော်ကတော့ SMMT အဖွဲ့ဟာ သတင်းအမှားနဲ့ အမုန်းစကားဖြန့်ဝေနေသူတွေကို အရေးယူလိုက်တယ် ဆိုတာမျိုး မကြားဖူးသလို သူတို့ ဆောင်ရွက်ချက်တွေကလည်း ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။
“SMMT ဘာလုပ်တယ် သူတာဝန်က ဘာဆိုတာ ရှင်းရှင်းလင်းလင်းမပြောတော့ ကျွန်တော်တို့လည်း သူဘာလုပ်နေတယ်ဆိုတာ ပြောဖို့ခက်ပါတယ်။ SMMT အနေနဲ့ အများနဲ့ဆိုင်တဲ့ကိစ္စတွေ စောင့်ကြည့်ပြီး တချို့တကယ်အန္တရာယ်ဖြစ်စေတဲ့ အကြမ်းဖက်မယ့်ကိစ္စတွေကို ဖော်ထုတ်အရေးယူဖို့ လိုအပ်မယ်။ ဒါပေမဲ့ SMMT က အဲလိုမျိုးလည်း နမူနာအားဖြင့် ထုတ်ပြတာမတွေ့သေးဘူး”
ဒီအကြောင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းထားတဲ့ SMMT အဖွဲ့ကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
သတင်းအမှားဖြန့်ဝေနေတဲ့ သတင်းစာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်တွေကို သတင်းမီဒီယာကောင်စီက မကြာခင် ထုတ်ပြန်ကြေညာသွားဖို့ ပြင်ဆင်နေတယ်လို့ RFA ကို ပြောပါတယ်။ သတင်းဌာနတွေဆီက သတင်းတွေကို ကူးယူဖော်ပြတဲ့ သတင်းစာမျက်နှာတွေ၊ သတင်းမှားဖြန့်ဝေနေတဲ့ စာမျက်နှာတွေနဲ့ ဝက်ဘ်ဆိုဒ် ၁၄၀ ကျော်ရဲ့ အမည်တွေကိုလည်း သတင်းမီဒီယာကောင်စီက ၂၀၁၉ ဇွန်လက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။
ဒီလိုသတင်းအမှားတွေ၊ အမုန်းစကားတွေ ဖြန့်ဝေတဲ့ သတင်းစာမျက်နှာနဲ့ ဝက်ဘ်ဆိုဒ်တွေကို အရေးယူဖို့ဆိုတာ သက်ဆိုင်ရာ အစိုးရဌာနတွေအပြင် အစိုးရအသိအမှတ်ပြု ဖွဲ့စည်းထားတဲ့ သတင်းမီဒီယာအဖွဲ့အစည်းတွေ ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ NGO အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်လို့လည်း (လေ့လာသူတွေက) ထောက်ပြနေကြပါတယ်။