နိုင်ငံသားမဟုတ်သူ မဲပေးခွင့်ဥပဒေ ပယ်ဖျက်ရေး ရခိုင်ပါတီ ဆန္ဒပြတောင်းဆိုမည်
2015.02.12

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုထားတဲ့ ဥပဒေတွေကို ပယ်ဖျက်ပေးဖို့ အတွက် လာမယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ဆန္ဒပြတောင်းဆိုမယ်လို့ ရခိုင်အမျိုးသားပါတီ ANP က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလက်မှတ်ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုထားတဲ့ ဥပဒေတွေရှိနေတဲ့အတွက် ပယ်ဖျက်ပေးဖို့လည်း လိုအပ်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဌ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြော ပါတယ်။
"ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ဥပဒေကို ဖွဲ့စည်းပုံခုံရုံးကပဲ ပြန်ဖျက်လို့ရပါ မယ်၊ ရွေးကောက်ပွဲဥပဒေမှာလည်း ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ မဲပေးခွင့်ပြုထားတဲ့အတွက် ဒီရွေးကောက်ပွဲဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ဖျက်ပေးရပါမယ်၊ ဒီအဆင့်ရောက် မှပဲ ဝှိုက်ကဒ်ကိုင်ဆောင်သူများ မဲမပေးခွင့်ဆိုတာမျိုးဟာ တိတိကျကျပေါ်ထွက်လာမှာဖြစ်ပါတယ်၊ ကျမတို့ကတော့ ၁၅ ရက်နေ့ ၂ လပိုင်းမှာ ဆန္ဒထုတ်ဖော်မယ်လို့ ညွှန်ကြားထားပါတယ်၊ ဒါကိုပဲ အရှိန်အဟုန်မြှင့်ပြီးတော့ ဆောင် ရွက်သွားမှာဖြစ်ပါတယ်"
ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ ဆန္ဒခံယူပွဲကျင်းပတဲ့အခါ မဲပေးခွင့်ရှိကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေကို ဒီလ ၁၀ရက်နေ့က နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
ဒီအတောအတွင်း ယာယီသက်သေခံကတ်ပြားတွေရဲ့ သက်တမ်းဟာ လာမယ့်မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည် အပ်နှံဖို့ နိုင်ငံတော်သမ္မတက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။
White Card လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ထားသူတွေကို နိုင်ငံသားဥပဒေနဲ့ အညီနေထိုင်ခွင့်တွေ အတွက် အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ညွန်ကြားရေးမှူး ဦးတင်ချယ်က ပြောပါတယ်။ ဦးတင်ချယ်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။