ရဲအယောင်ဆောင်ဖမ်းဆီးဖို့ ကြိုးစားသူတွေကြောင့် တောင်ကုတ် NLD အဖွဲ့ဝင်တွေ တိမ်းရှောင်နေရ


2020.05.06

ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင်တွေရဲ့ နေအိမ်တွေကို ညဘက်မှာ ရဲအယောင်ဆောင်ထားပြီး ဖမ်းဆီးဖို့ကြိုးစားခဲ့ကြတာဖြစ်ပြီး အသက်အန္တရာယ်လည်း ခြိမ်းခြောက်တာ ခံနေရတဲ့အတွက်  ဒီလို  NLD ပါတီဝင်တချို့ ထွက်ပြေးနေကြရတယ်လို့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် ဦးမင်းအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကလည်း  မြောက်ပိုင်းရခိုင်လေသံနဲ့ တယောက်က သတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ဖုန်းဆက်ခဲ့သလို ဧပြီ ၁၄ ရက်နေ့ညမှာလဲ လူတစုက နေအိမ်ခြံတခါးကို လာဖွင့်ခဲ့ကြောင်း၊ ဆွေမျိုးတွေ နဲ့ ရွာခံတွေရောက်လာတော့မှ ထွက်ပြေးသွားခဲ့ကြတယ်လို့ လက်ရှိမှာ တိမ်းရှောင်နေရဆဲဖြစ်တဲ့ ဘူးရွှေမော်ရွာသား NLD ပါတီရဲ့မြို့နယ်အလုပ်အမှုဆောင် ဦးသန်းဌေးက ပြောပါတယ်။ ဦးသန်းဌေးက သူ့ကိုခြိမ်းခြောက်သူတွေဟာ AA အဖွဲ့ကလို့ ပြောပါတယ်။

အလားတူပဲ ကျော်ကိုင်းရွာ အုပ်ချုပ်ရေးမှူးဆီကို မေလ ၂ ရက်နေ့က အရပ်ဝတ်နဲ့လူလေးယောက် ရောက်လာပြီး ကျောက်ဖြူရဲစခန်းကလို့ပြောပြီး NLD ပါတီ ပြည်နယ်အလုပ်အမှုဆောင် ဦးဝင်းလှိုင်ကိုခေါ်ပေးဖို့ ပြောခဲ့တယ်လို့ ဦးသန်းဌေးကပြောပါတယ်။

တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနိုင်ကို RFA ကဆက်သွယ်တဲ့အခါမှာ NLD ပါတီဝင်တွေကို ဖမ်းဖို့ကြိုးစားသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေမဟုတ်ကြောင်း၊ ဒီသတင်းဟာ သတင်းမှားသာဖြစ်ကြောင်း ပြောပါတယ်။ အစည်းအဝေးရှိနေတာကြောင့် အသေးစိတ်ကိုတော့ ညနေမှပြန်လည်မေးမြန်းဖို့ ပြောပါတယ်။ ဒီနေ့ညနေမှာ ထပ်မံမေးမြန်းဖို့ကြိုးစားရာမှာတော့ ဆက်သွယ်လို့ မရပါဘူး။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကကလည်း ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာက  ရွာသား ဦးသန်းရွှေကို မေလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ AA ကလာရောက်ဖမ်းဆီးသွားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဦးသန်းရွှေဟာ ကျေးရွာရဲ့ (COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်တယ်လို့လည်း ပါရှိပါတယ်။

NLD ပါတီရဲ့ တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးမင်းအောင်ကတော့ လာရောက်ဖမ်းသူတွေဟာ သူတို့ပါတီဝင် ဦးသန်းဌေးကိုဖမ်းဖို့လာတာဖြစ်ပြီး ဦးသန်းဌေးကိုမရလို့ သူနဲ့အရင်းနှီးဆုံးဖြစ်တဲ့ ဦးသန်းရွှေကို ဖမ်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ နေအိမ်တွေကိုလာ ရောက်ဝိုင်းတဲ့သူတွေဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာတော့ သေချာမသိဘူးလို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက NLD ပါတီဝင် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အတင်းအကြပ်ဖမ်းဆီးခေါ်ဆောင် ထိန်းသိမ်းခဲ့ဖူးသလို၊ ရသေ့တောင် NLD ပါတီဥက္ကဋ္ဌ ဦးရဲသိန်းကိုလည်း ဒီဇင်ဘာလက ဖမ်းဆီးခေါ်ဆောင်ထားခဲ့ရမှာ တိုက်ပွဲတခုအတွင်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးတယ်လို့ ကြေညာခဲ့ပါတယ်။

တောင်ကုတ်နဲ့ ရခိုင်ပြည်နယ်က NLD ပါတီဝင်တွေအပေါ်  ဖမ်းဆီးဖို့ကြိုးပမ်းတာ၊ အသက်အန္တရာယ်ခြိမ်းခြောက်တာတွေနဲ့ပတ်သက်လို့  ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးဝင်းမြင့်ကို RFA က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ခုချိန်အထိ တစုံတရာ ပြန်လည်ဖြေကြားတာမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီ ပြန်ကြားရေးအဖွဲ့ အဖွဲ့ဝင် မုံရွာအောင်ရှင်က အခုလို မှတ်ချက်ပေးပါတယ်။

"ကျနော့်ဆီတော့ ဘာမှ Report မလာဘူး။ ဒီဟာ တကယ်တမ်းဖြစ်တယ်ဆိုရင်တော့ ပြည်နယ်အစိုးရကို တိုင်ရမယ်။ ဒါမှမဟုတ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖြစ် တိုင်ထားရမှာပေါ့။ နောက်တခုက ရှောင်နေတာလည်း ကောင်းပါတယ်။ ကျနော်တော့ သဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒါက ဘယ်အဖွဲ့အစည်းကမှန်းလဲ မသိဘူး။ အဲဒီတော့အကောင်းဆုံးကတော့ သက်ဆိုင်ရာကို အားလုံးကို အသိပေးထားတာ အကောင်းဆုံးပဲ။ နှစ် အချက်ကတော့ ရှောင်နေတာ အကောင်းဆုံးပဲ။"


ခုလို တောင်ကုတ်မြို့က NLD ပါတီဝင်တွေကို ခြိမ်းခြောက်သူတွေဟာ AA အဖွဲ့က ဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး AA အဖွဲ့ ပြောခွင့်ရသူ ခိုင်သုခ က NLD ပါတီဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကိစ္စသာဖြစ်ပြီး AA နဲ့သက်ဆိုင်မှုမရှိဘူးလို့ RFA ကို ဖြေကြားပါတယ်။

AA အဖွဲ့က လူတွေက ရဲဝတ်နဲ့ ဖမ်းဆီးဖို့ကြိုးစားတာဖြစ်တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဒါဟာ သက်သက်အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ဖြစ်ကြောင်း၊ ဒီကိံစ္စနဲ့ AA အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း၊ ဒါဟာ AA အဖွဲ့အပေါ် အထင်အမြင်လွဲမှားလာအောင် လုပ်ကြံဖန်တီးချက်သာဖြစ်လိမ့်မယ်လို့လည်း ခိုင်သုခက ပြောကြားပါတယ်။

တောင်ကုတ်က NLD ပါတီဝင်တွေရဲ့ အဆိုအရ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း အကောင့်အတုတွေနဲ့ သူတို့အပေါ် အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း RFA ကို ပြောကြားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။