ရခိုင်နဲ့ ချင်းက စစ်ရှောင်တွေကို အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ကိုယ်စားလှယ်တွေပြော
2019.08.29

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA ရဲ့ တိုက်ပွဲတွေကြောင့် မြို့နယ် ရှစ်ခုက ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက် နှစ်နှစ်အောက်ကလေးငယ် စုစုပေါင်း ကိုးထောင့်လေးရာကျော်ကို ထောက်ပံ့ငွေ မပေးအပ်နိုင်ခဲ့ဘဲ ငွေကျပ် ၄၂၇ သန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
အဲဒါကြောင့် ဒီဘဏ္ဍရေးနှစ်ရဲ့ ပထမ သုံးလကာလအတွင်း အစိုးရက ထောက်ပံ့ရမယ့် ငွေကျပ် ၄၂၇ သန်းကျော်ကို ပြန်လည်အပ်နှံခဲ့ရတယ်လို့ ဒီနေ့ အမျိုးသားလွှတ်တော်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။
တဆက်တည်းမှာပဲ သုံးလတစ်ကြိမ် ထောက်ပံံ့ရမယ့် လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်လို့ လုံခြုံရေး အရ မထောက်ပံ့နိုင်သေးတဲ့ စာရင်းတွေကို လတ်တလောမှာ ပြောလို့မရနိုင်သေးဘူးလို့ ဝန်ကြီးက ပြောပါတယ်။ ရခိုင်အမျိုးသားပါတီ ANP က ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် ၈ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက ကိုယ်ဝန်ဆောင်မိခင်တွေတွေကို ထောက်ပံ့ရာမှာ အီလက်ထရောနစ်နည်းပညာကိုသုံးပြီး ငွေကြေးထောက်ပံ့တဲ့ အစီအစဉ် ရှိ မရှိနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ ဘယ်လိုထောက်ပံ့နေသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီနေ့မေးမြန်းခဲ့တာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက လူမှလူကို ထောက်ပံ့တဲ့ စနစ်ဟာ ချို့ယွင်းချက်တွေ အများကြီးရှိပြီး လေး၊ ငါးလအထိ ထောက်ပံ့ငွေမရတဲ့ မြို့နယ်တွေရှိတဲ့ အတွက် စနစ်ပြောင်းဖို့ရှိလား မေးမြန်းရတာဖြစ်တယ်လို့ ရှင်းပြပါတယ်။
အခုဆိုရင် ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်ပေါင်း ခုနှစ်သောင်းကျော်အထိရှိနေပြီလို့လည်း ဦးကျော်ကျော်ဝင်းက ပြောပါတယ်။တပ်မတော်သား ကိုယ်စားလှယ် တစ်ဦးကတော့ အဲဒီဆွေးနွေးချက်ထဲမှာ စစ်ပွဲဖြစ်ပွားရာဆိုတဲ့ စကား ရပ်ပါဝင်နေလို့ ကန့်ကွက်ကြောင်း မတ်တပ်ရပ် ပြောကြားခဲ့ပါတယ်။ ဒီ့အတွက် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စစ်ပွဲဖြစ်ပွားရာဆိုတဲ့ စကားလုံးအစား တိုက်ပွဲဖြစ်ပွားရာဆိုပြီး ပြောင်းလဲပေးမယ်လို့ ပြောပါတယ်။လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လကစပြီး ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးဖွားလာတဲ့ အသက် နှစ်နှစ်အောက် ကလေးငယ်တွေကို ငွေကြေးထောက်ပံ့တဲ့ လုပ်ငန်းကလူမှလူကို ထောက်ပံ့ တဲ့ စနစ်နဲ့သာ အသုံးပြုလာတာဖြစ်ပါတယ်။ ဒါပေမဲ့ လာမယ့်နှစ် ဇူလိုင်လကစပြီး အီလက်ထရောနစ် နည်းပညာကို သုံးပြီး ငွေကြေးထောက်ပံ့တဲ့ စနစ်ကို စတင်အသုံးပြုသွားမယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။ တခြားဒေသတွေမှာပါ အဲဒီစနစ်အသုံးပြုမှာဖြစ်ပြီး ရခိုင်ပြည်နယ်မှာတော့ ဦးဆုံးအကောင်အထည်ဖော်ဖို့ လုပ်နေ တယ်လို့ သိရပါတယ်။လက်ရှိအချိန်မှာတော့ ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာဒေသက ကျေးရွာတွေမှာ အချိန်နဲ့တပြေးညီ ငွေကြေးထောက်ပံ့ဖို့ အခက်အခဲရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
တဆက်တည်းမှာပဲ NLD ပါတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၁၁ က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းက ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရက နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ကူညီထောက်ပံ့တဲ့ အစီအစဉ်တွေရှိရင် သိလိုကြောင်း လွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း၂၀၁၅ ခုနှစ်မတိုင်မီအထိ အေးချမ်းခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွားနေတာကို ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံ တောင်းဆိုလိုကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အစိုးရနဲ့ ကုလသမဂ္ဂ UN အဖွဲ့အစည်းတွေ၊ NGO အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ရှိတဲ့ အစီအစဉ်တွေကို ပြန်လည်ရှင်းပြခဲ့ပါတယ်။
၂၀၁၅ မတ်လ နောက်ပိုင်းကစလို့ အခုအချိန်အထိ ပလက်ဝမြို့နယ်ထဲမှာ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေအတွက် စားဝတ်နေရေး လိုအပ်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရတဲ့ စစ်ဘေးဒုက္ခသည် ခုနှစ်ထောင်နီးပါးထိရှိလာပြီလို့ သိရပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)