ရသေ့တောင်မှာ နယ်မြေရှင်းလင်းမယ့် ကြေညာချက်ကြောင့် ဒေသခံတွေစိုးရိမ်နေ
2020.06.26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းတိုက်နယ်ကျေးရွာနဲ့ အနီးတဝိုက်ကကျေးရွာတွေမှာ AA အဖွဲ့နဲ့ပတ်သက်လို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားဖို့ရှိတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာကို ခေတ္တတိမ်းရှောင်နေကြဖို့ ပြည်နယ်အစိုးရက အကြောင်းကြားထားပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ကျောက်တန်းကျေးရွာတဝိုက်မှာ နယ် မြေရှင်းလင်းရေးဆောင်ရွက်ဖို့အတွက် အနီးနားရွာတွေကနေ ခေတ္တရှောင်ပေးဖို့ ဒေသခံတွေကို ဇွန်လ ၂၃ ရက်နေ့က အကြောင်းကြားလာတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်း က RFA ကိုပြောပါတယ်။
"စာထဲမှာညွှန်ကြားတဲ့အတိုင်းဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတဆင့် အကြောင်းကြား ပေးပါဆိုလို့ ကျနော်က အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားလိုက်တယ်၊ ပိုပြီးလုံခြုံပေါ့လေ၊ ရေး ထားတာက ကျောက်တန်းနယ်တဝိုက် မြေပုံအညွှန်း ဘယ်လောက်ဘယ်လောက်ဆိုတော့ ဒီမှာက တိုက်နယ် ငါးခု ရှိတယ်လေ၊ ပိုပြီးလုံခြုံအောင် ကျောက်တန်းတိုက်နယ်မှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံးကို အကြောင်းကြားထားတယ်"
ကျောက်တန်းနဲ့အနီးဝန်းကျင် ကျေးရွာတွေမှာ AA အဖွဲ့တွေ ဖြန့်ခွဲလှုပ်ရှားနေတဲ့သတင်းတွေ ရထားပြီး သူတို့နဲ့ ပတ်သက်ဆက်နွယ်သူတွေကို လက်ခံမထားကြဖို့နဲ့ အဲဒီရွာတွေမှာ တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်း ဆောင်ရွက်မှာဖြစ်လို့ တိုက်ပွဲဖြစ်ခဲ့ရင် ရွာသူရွာသားတွေ ထိခိုက်ဒဏ်ရာရမှုမရှိအောင် ရွာတွေကနေ ခေတ္တတိမ်းရှောင်နေထိုင်ကြဖို့ အကြောင်းကြားလာတာလို့ သိရပါတယ်။
ဒီလိုအကြောင်းကြားစာမှာ ဘယ်နေ့ဘယ်ရက်အထိ ရှောင်တိမ်းနေကြပါဆိုတာ မပါတာကြောင့် ဒေသ ခံတွေက စစ်တလင်းဖြစ်မှာ မိမိကျေးရွာတွေကို ပြန်မရမှာကို စိုးရိမ်တယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တန်းရွာသား တစ်ဦးက ပြောပါတယ်။
"စစ်မြေပြင်လိုဖြစ်အောင် တပ်ကလုပ်နေတာလို့ထင်တယ်၊ ရှင်းလင်းရေးက ဘယ်လောက်ကြာမလဲ၊ ရှင်းလင်းမယ်ဆို ဘယ်လိုရှင်းလင်းမလဲ၊ ရွာတွေကိုရောမီးရှို့မှာလား၊ အဲဒါတွေပဲ စိုးရိမ်နေရတယ်၊ ကျနော်တို့ ဒေသခံတွေအနေနဲ့တော့ အဲလိုမဖြစ်စေချင်ဘူး၊ ကိုယ့်ရွာမှာပဲ ကိုယ်နေချင်တယ်၊ ရှေ့ဆို မိုးရာသီဖြစ်လို့ လယ်တွေမှာ စပါးစိုက်ပျိုးရမယ်"
ဒေသခံတွေမှာ စပါးတွေ၊ ကျွဲ၊ နွား တိရစ္ဆာန်တွေ၊ စက်ပစ္စည်းတွေရှိတာကြောင့် ချက်ချင်းပြောင်းရွှေ့ရ မယ်ဆိုရင် သယ်ဖို့အခက်ရှိပြီး ထားခဲ့မယ်ဆိုရင်လည်း ပျက်စီးဆုံးရှုံးမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ဒေသခံကျေးရွာတွေကို စစ်တလင်းဖြစ်စေပြီး အတင်းအဓမ္မရွှေ့ပြောင်းနေတာ ကြောင့် အရပ်ဘက်အဖွဲ့တွေကလည်း ကန့်ကွက်နေကြပါတယ်။
"သူတို့ကတော့ တရားဝင်စာထုတ်ပြီး ဒေသခံတွေကို နေရပ်စွန့်ခွာခိုင်းတာပဲလေ၊ သူတို့စာ မှာက ခေတ္တခဏလို့တော့ပါတယ်၊ ခေတ္တခဏဆိုတာက အချိန်ဘယ်လောက်လဲ၊ ကြာသွားလို့ရှိရင်ကော နောက်ဆက်တွဲဖြစ်ရပ်တွေကို ဘယ်သူကတာဝန်ယူမလဲ၊ တရားဝင်အသိပေးထားတယ် မထွက် လို့ရှိရင် ထိခိုက်မှုရှိရင် ငါတိုနဲ့မဆိုင်ဘူးဆိုတာမျိုးလုပ်တာက တကယ်ပစ်စလက်ခတ်လုပ်တာမျိုးပဲ"
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက ဦးဇော်ဇော်ထွန်းပြော သွားတာပါ။
လက်ရှိရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေဟာ လယ် ယာမြေတွေမှာ စိုက်ပျိုးတာတွေမပြုလုပ်နိုင်သလို့ တောတောင်တွေမှာ မှီခိုပြီး ရှာဖွေစားသောက်တဲ့သူ တွေဟာလည်း တောတောင်ထဲမသွားရဲကြဘဲ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပါတယ်။
အခုလို အကြောင်းကြားတာကြောင့် ဒေသခံတွေ ထိခိုက်တာတွေ နည်းနိုင်တာကြောင့် အကောင်းဘက် ကကြည့်ရင် ကောင်းတယ်ပြောရမယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
"သူတို့နယ်မြေရှင်းလင်းတဲ့အခါ တိုက်ပွဲဖြစ်နိုင်တယ်၊ ဖြစ်နိုင်တဲ့အတွက် ရွှေ့ထားပေးပါဆိုတာတော့ ဘာဘဲဖြစ်ဖြစ် အကောင်းဘက်ကတော့တွေးရမှာပေါ့လေ၊ တကယ်လို့ တိုက်ပွဲတွေ ဗြုန်းကနဲ ဒိုင်းကနဲဖြစ်လို့ ပြည်သူတွေကိုထိခိုက်သွားရင် ကျမတို့ပြည်သူတွေပဲ နစ်နာကြရမှာပါ၊ အဲအတွက်ကြောင့် ပြည်သူတွေကို နည်းနည်းရွှေ့ထားပေးဖို့ သူတို့တောင်းဆိုတယ်လို့ပဲ မြင်ပါတယ်၊ အထိအခိုက် နည်းသွားအောင်ပေါ့နော်"
တပ်မတော်က အခုလိုနယ်မြေရှင်းလင်းရေးလုပ်ဖို့ ဒေသခံတွေရွှေ့ခိုင်းတာဟာ အရင်ကလည်းရှိဖူး ကြောင်း၊ ကြိုတင်ကြေညာပြီးမှ စစ်ဆင်ရေးလုပ်တာကြောင့် အရပ်သားထိခိုက်တယ်ဆိုတဲ့ အငြင်းပွား ဖွယ်ရာတွေ မရှိတော့ဘူးလို့ သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့က ဦးနိုင်ဆွေဦးက သုံးသပ်ပါတယ်။
" ဒီလိုမျိုးစစ်ဆင်ရေးတော့လုပ်လိုက်တယ် ဘယ်သူမှမသိတာကြောင့် ဒီမှာအရပ်သားကိုထိတယ်၊ အရပ်သားကိုပစ်လိုက်တယ်ဆိုတဲ့ အငြင်းပွားမှုတွေ၊ စွပ်စွဲတဲ့သတင်းတွေကို ဒါမျိုးတွေကိုဖြေ ဖျောက်လို့ရတယ်၊ ဘာကြောင့်လည်းဆိုတော့ ကြေညာပြီးသားဖြစ်သွားပြီ ဒီနယ်မြေသည် ရှင်းလင်း ရေးလုပ်မယ်၊ အဲတော့ အရပ်သားတွေ ကြိုတင်ပြီးလွတ်ရာကို ရှောင်ထားနိုင်ဖို့ဖြစ်တယ်၊ ဒီနယ်မြေမှာ ရင်ဆိုင်ပြီးတွေ့ရပြီဆိုရင်သေချာတယ် ဒါသည်မသင်္ကာစရာလူဖြစ်သွားပြီ အရပ်သားဖြစ်ဖို့ အကြောင်း မရှိတော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ကြိုတင်ကြေညာပြီးမှ စစ်ဆင်ရေးလုပ်တဲ့အတွက်ကြောင့်မို့"
ရသေ့တောင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ စစ်ဘေးဒုက္ခသည်စခန်း ၂၅ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ရှစ်ထောင်ကျော်ရှိတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး REC က ထုတ်ပြန်ထားပါတယ်။