ရခိုင်ပြည်နယ်က သံတမန်တွေကို ဘင်္ဂလားဒေ့ရှ်နေရာရွှေ့

RFA Burmese
2024.02.13
ရခိုင်ပြည်နယ်က သံတမန်တွေကို ဘင်္ဂလားဒေ့ရှ်နေရာရွှေ့ ၂ဝ၂ဝ ပြည့်နှစ်က တွေ့မြင်ရသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးအဆောက်အအုံ။
Photo: Bangladesh Consulate

ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အဲဒီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန်တွေကို ဘေးလွတ်ရာပြောင်းရွှေ့နေတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ် (Hasan Mahmud) က သတင်းထောက်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။

လုံခြုံရေးစိုးရိမ်တာကြောင့် စစ်တွေမြို့မှာရှိတဲ့ ကောင်စစ်ဝန်ရုံးကို ရန်ကုန်ရွှေ့ထားလိုက်ပြီလို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

တိုက်ပွဲကြား ရိုဟင်ဂျာတွေရော၊ စစ်ကောင်စီတပ်သား မိသားစုတွေပါ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးလာနေတာကြောင့် နယ်စပ်ဂိတ်တွေကိုလည်း ပိတ်ထားလိုက်ပြီလို့ဆိုပါတယ်။

လတ်တလော ရခိုင်ပြည်နယ်ထဲမှာ ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး နယ်မြေတချို့သိမ်းပိုက်ထားနိုင်ကြောင်း AA ဘက်ကထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကြောင့် နယ်စပ်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ရောက်နေပေမဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ခံထားတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ရှိနေပြီဖြစ်တာကြောင့် နောက်ထပ်မခေါ်နိုင်တော့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နယ်စပ်ဖြတ်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း မြန်မာနိုင်ငံဘက်ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ်ကပြောထားပါတယ်။

မြန်မာ့ပြည်တွင်း တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေးထိခိုက်မှာကို မလိုလားကြောင်း စစ်ကောင်စီရဲ့ သံအမတ်ကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။