သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၁၀ ဦးအထိရှိနေ


2019.02.12
rakhine-rescue-622.jpg လက်ဖက်ကျွန်း မီးပြတိုက်အနီးမှာ နစ်မြုပ်ခဲ့တဲ့ ဆင်ပြောင်သင်္ဘောပေါ်က လူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ရန် မာန်အောင်မြို့နယ်က မီးသတ်တပ်ဖွဲ့ဝင်တွေ ၂၀၁၉ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ထွက်ခွာသွားစဉ်
Photo: Rakhine Fire Force FB

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ ဇီးတောကျေးရွာနဲ့ ရေမိုင် ၅ မိုင်လောက်အကွာက လက်ဖက်ကျွန်း မီးပြတိုက် အနီးမှာ မနေ့က မနက်ပိုင်းက ဆင်ပြောင်သင်္ဘော နစ်မြုပ်ခဲ့ရာမှာ လူ ၈ ဦးရဲ့ အလောင်းကို ဒီနေ့ ရှာဖွေတွေ့ရှိ ထားတဲ့အတွက် သေဆုံးသူ ၁၀ ဦးအထိရှိနေပြီလို့ ကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

အဲဒီသဘောၤပေါ်မှာ လူ ၂၅ ဦး လိုက်ပါခဲ့ပြီး လက်ဖက်ကျွန်းမီးပြတိုက်ရဲ့ မြောက်ဘက်အရောက်မှာ ရာသီဥတု ဆိုးရွားတဲ့အတွက် သင်္ဘောနစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

မနေ့က အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ ၇ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပျောက်ဆုံးသူ ၈ ဦး ကျန်နေပါတယ်။

အဲဒီသင်္ဘောဟာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သင်္ဘောဖြစ်ပြီး မီးပြတိုက်တွေ၊ ရေလမ်းကြောင်း ဗော်ယာတွေကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ဖို့ မာန်အောင်မြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။

မာန်အောင်ကျွန်းမီးပြတိုက် ပြုပြင်ဆောင်ရွက်ပြီး ရေယာဉ်ဝန်ထမ်း ၂၄ယောက်နဲ့ ဒေသခံဝန်ထမ်း တစ်ဦးဟာ လက်ဖက်ကျွန်းမီးပြတိုက်အနီး ကျောက်ချရပ်နားစဉ်မှာ လှိုင်းပုတ်ရိုက်ခတ်ပြီး နစ်မြုပ်သွားတာလို့ သိရပါတယ်။

လတ်တလောမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသခံလူမှုရေးအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်ထွေအုပ်နဲ့ ရေတပ် က ဆောင်ရွက်နေပြီး မနက်ဖြန်မှာ သင်္ဘောနစ်မြုပ်တဲ့နေရာမှာ ရှာဖွေရေးတွေ ထပ်မံပြုလုပ်သွားမယ် လို့လည်း ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့  ဇီးတောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းမောင်သန်း က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။