ရခိုင်အရေး စကားဝိုင်း တားမြစ်ခံရ
2018.08.25

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မနက်ဖြန် ကျင်းပမယ့် မဟာပညာကျော် စကားဝိုင်းကို ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တားမြစ်တဲ့အတွက် ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။
ပွဲခွင့်ပြုမိန့် တောင်းရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တားမြစ်တာလို့ စကားဝိုင်းမှာ ဆွေးနွေးမယ့် မြန်မာ့နိုင်ငံရေး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ပြောပါတယ်။
"အရင်တုန်းကလည်း လုပ်နေကြတာပဲဗျ။ ပွဲမိန့်တောင်းရတယ် မတောင်းရတယ် ဒီဥပဒေကို ကျနော်တို့လည်း အသေး စိတ်လည်း မသိဘူး။ အခုဟာက လိုတယ်လို့ ပြောတာတော့ ဘာကြောင့်လည်း ကျနော်လည်း မသိပါဘူး ခင်ဗျ။ ကျတော့်အနေနဲ့ကတော့ ဥပဒေကို ပြန်လေ့လာရဦးမလို ဖြစ်နေတယ်ဗျ။ ကျနော်လည်း နားလည်ထားတာ ဟိုတယ် ကိုယ့်အဝန်းနဲ့ ကိုယ်ပေါ့ဗျာ။ ပြောကြဆိုကြတယ်ဆိုတာက ဘာကြောင့်ပြော ဘယ်လိုလဲပေါ့။ မင်္ဂလာဆောင်ရင်တောင် ပွဲမိန့် လိုတာမဟုတ်ဘူးလေ။ ဟိုတယ်ထဲမှာ ဒီလိုပဲ ကိုယ့်ရဲ့မိတ်ဆွေတွေ လာကြတာ ပဲလေ အဲဒါမျိုးပေါ့။ လမ်းမပေါ်ထွက် တာလည်း မဟုတ်ဘူးလေ ဘာကြောင့်လိုလဲဆိုတာတော့ ဥပဒေတွေ ပြန်လှန်ကြည့်ဖို့ လိုရမှာပဲ။ ကျနော်တို့ ရခိုင်ကိစ္စ ဆိုလည်း ကျနော်တို့အမြင်တွေ ကျနော်တို့ပြောနေတာပဲ။ တခြားမီဒီယာတွေမှာ ပွဲမိန့်ဆိုတာနဲ့ ပတ်သက်ပြီး ကျနော် အံ့သြပါတယ်"
အဲဒီစကားဝိုင်းကို "ရခိုင်ပြည်နယ် အရေး ဘယ်လိုအဖြေရှာမလဲ" လို့ အမည်ပေးထားပြီး ABSDF ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးသံခဲ၊ SNLD အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်နဲ့ နိုင်ငံရေး တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့က ပင်တိုင် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ဦးမောင်မောင်စိုးက သူ့အနေနဲ့ စကားဝိုင်းမှာ ရခိုင်ပြည်နယ် ပတ်သက်တဲ့ နိုင်ငံရေး၊ ရင်းနှီးမြှုပ်နှံမှု စတဲ့ အပိုင်း ၃ ပိုင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အခြားအဖွဲ့အစည်း အတော်များများက ဆွေးနွေးပွဲတွေ ကျင်းပနေပေမယ့် အခုလို ပွဲမိန့် တောင်းခံတယ် ဆိုတာမျိုး မကြားဖူးကြောင်းလည်း ပြောပါတယ်။
စကားဝိုင်းကို စက်တင်ဘာ တတိယပတ်လောက်မှာ ကျင်းပနိုင်တော့မှာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ ဦးအောင်သန်းက ပြောပါတယ်။ တားမြစ်တဲ့အခြေအနေနဲ့ပတ်သက်ပြီး ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးထံ RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရပါဘူး။