ရခိုင်နဲ့ ချင်းပြည်နယ် ရေဘေးဒဏ် ခံနေရ


2016.07.05
myaukoo-flooding-620.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇူလိုင်လ ၅ ရက်နေ့က ရေနစ်မြုပ်ပြီး ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြသည်ကို တွေ့ရစဉ်
Photo: Mratanzaung B.K/ Facebook

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး မိုးအဆက်မပြတ်ရွာနေတာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေ က ကျေးရွာအတော်များများ ရေနစ်မြုပ်ပြီး ဒေသခံတွေ ဘေးလွတ်ရာ ကို ပြောင်းရွှေ့နေကြပါတယ်။

ကျောက်တော်မြို့နယ်က ကစ္ဆပမြစ်ရေဟာ စိုးရိမ်ရေမှတ်အနီးကို ရောက်ရှိနေပြီး လောလောဆယ် ကျေးရွာပေါင်း ၉ ရွာက ဒေသခံ ၁၆၀၀ လောက် ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ထားရတယ်လို့ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်က ပြောပါတယ်။

"အခုလက်ရှိအခြေအနေကတော့ ကျနော်တို့ ကျောက်တော်မြို့နယ်မှာ စိုးရိမ်ရေမှတ်ကတော့ ၅၅၀ စင်တီမီတာပါ၊ အခုလောလောဆယ် ရေမှတ်ကတော့ ၅၄၀ ပေါ့၊ စိုးရိမ်ရေမှတ်ရောက်ခါနီးနေပါပြီ၊ အခုကျနော်တို့ မြေအောက်ဘက်ပိုင်းမှာရှိတဲ့ ရွာ ၉ ရွာလောက်တော့ ရေနစ်မြုပ်တဲ့အတွက်ကြောင့် အမြင့်ပိုင်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့ သူတို့ဆွေမျိုးအိမ်တွေ ကိုပြောင်းရွှေ့ ထားတာရှိပါတယ်၊ ရွာ ၉ ရွာဆိုတော့ လူဦးရေ ၁၆၀၀ လောက်ဖြစ်သွားပါတယ်"

ကျောက်တော်မြို့နယ် ရွာမပြင်၊ မဟာမုနိ၊ မင်းသားတောင်၊ နဂူမေ စတဲ့ကျေးရွာ ၉ ရွာလောက်မှာ ရေနစ်မြုပ်နေ တာဖြစ်ပြီး မြို့နယ်တာဝန်ရှိသူတွေက အဝတ် အထည်နဲ့ စားနပ်ရိက္ခာတွေကို ကူညီပေးနေတယ်လို့ လည်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

စစ်တွေ- မြောက်ဦး- မင်းပြား- ရန်ကုန်ကားလမ်းမကြီးတလျှောက် ကားလမ်းတွေ ရေလျှံနေတာကြောင့် သွားလာရေးကို ရပ်ဆိုင်းထားရတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြောက်ဦးမြို့က မြို့ပေါ်ရပ်ကွက်တချို့နဲ့ လေးမြို့ချောင်းဒေသက ဂုဏ်ကျွန်း၊ ကျောင်းတောင်၊ မြိုချောင်း စတဲ့ကျေးရွာတွေအပြင် အခြားကျေးရွာအတော်များများ မှာလည်း နေအိမ်တွေကို ရေလွှမ်းမိုးနေ တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ပြောင်းရွှေ့နေရပါတယ်။

မင်းပြားမြို့နယ် နန်းတက်ကျေးရွာမှာလည်း မနေ့ညကစပြီး ရွာလုံးကျွတ်နီးပါး ရေနစ်မြုပ်သွားတယ်လို့ နန်းတက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင် က ပြောပါတယ်။

"တစ်ရွာလုံး အိမ်ထောင်စု ၁၃၆ စုရှိပါတယ်၊ မြုပ်နေတဲ့အိမ်က ၁၁၃ ပါ၊ လူဦးရေပြောရရင်တော့ ၅၇၆ ယောက် စာရင်းကောက်ယူရရှိပါတယ်၊ ကျနော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့ပြီး မြုပ်နေတဲ့ အိမ်တွေကို စက်လှေတွေနဲ့ သွားပြီး သူတို့အတွက် နေရာရှာထားပေးပါတယ်"

အလားတူ မင်းပြားမြို့နယ် မင်းဖူးချောင်းဒေသမှာရှိတဲ့ ပြင်ယောင်း၊ ရွှေကျန်၊ ပွဲယကံဆိပ်၊ အိုးပျဉ်တောင်၊ သာစည်၊ ကပ်ပဲ၊ မင်းဖူး စတဲ့ ကျေးရွာပေါင်း ၁၅ ရွာလောက် ရေနစ်မြုပ်နေပြီး ရွာခံတွေဘေးလွတ်ရာ တောင်ကုန်းတွေပေါ် ကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီကျေးရွာတွေမှာ စာသင်ကျောင်းတွေပါရေနစ်မြုပ်နေတာကြောင့် မနေ့ကစပြီး ကျောင်းတွေပိတ်ထားရပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့မှာ ဒီနေ့မနက်ကစပြီး ချင်းတွေမြစ်ရေတွေ တက်လာတဲ့အတွက် မြို့မရပ်ကွက်၊ သာစည် ရပ်ကွက်၊ အောင်သာရပ်ကွက်တွေကို ရေဝင်ရောက်နေတဲ့အတွက် ရပ်ကွက်အနိမ့်ပိုင်း မှာရှိတဲ့ နေအိမ်တွေ ပြောင်းရွှေ့နေတယ်လို့ ခန္တီးမြို့ခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်ရေတွေမနေ့က ဝင်ရောက်လာတာကြောင့် ဆင်သေရွာ၊ စိန်နန်းရွာ၊ကောင်းဟိန်ကျေးရွာနဲ့ ကင်းတော်ကျေးရွာက အိမ်ထောင်စုအချို့ လည်း ပြောင်းရွှေ့နေကြတာဖြစ်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊မော်လိုက်၊ မင်းကင်းမြို့၊ကနီမြို့တွေမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် မြစ် ကမ်းပါးမှာနေထိုင်သူတွေ၊ မြေနိမ့်ပိုင်း မှာ နေထိုင်သူတွေအနေနဲ့ သတိပြုကြဖို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။