မင်းပြားမှာ AA နဲ့ပတ်သက်သူကို အသေဖမ်းမိကြောင်း တပ်မတော်ထုတ်ပြန်ချက် မိသားစုငြင်းဆို


2020.04.22

မေလွမ်းကျေးရွာက အသက် ၃၀ ဝန်းကျင်အရွယ် ကိုကျော်ဝင်းချေဟာ မနေ့မနက်ပိုင်းက ရွာအနီး မြစ်ထဲကနေ ငါးမျှားပြီးအပြန်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ပစ်ခတ်တာခံခဲ့ရပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ရာမှာ ဆိုင်ကယ်စီးပြီး လာတာကို မသင်္ကာဖွယ်ရာ တွေ့ရှိရတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဆေးဖို့တားမြစ်ရာမှာ မရပ်ဘဲ ထွက်ပြေးတဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

သေဆုံးသူရဲ့ ဖခင်ဦးကျော်လှဦးက သူ့သားဟာ ဆိုင်ကယ်မစီးတတ်ဘူးလို့ပြောပါတယ်။

“မနေ့က ကျွန်တော့သားဟာ ကမ်းပိုင်ချောင်းဆိုတဲ့နေရာမှာ ငါးရှာဖို့ သွားခဲ့ပါတယ်။ သေနတ်ပစ်သံတွေ ကြားတော့ သူက ရွာကို ပြန်လာတာပါ။ ရွာထိပ်ကိုရောက်တော့ စစ်သားတွေနဲ့တွေ့ပါတယ်။ ရွာကိုအဝင်မှာ စစ်တပ်ကပစ်လိုက်တာပါ။ သူ့အမေကကြည့်နေတယ်။ သူဟာ ထွက်ပြေးတာမဟုတ်ပါဘူး။ ကျွန်တော့သားဟာ ဆိုင်ကယ်လည်းမစီးတတ်၊ စက်ဘီးတောင် မစီးတတ်ပါဘူး။ ကျွန်တော်တို့မိသားစုမှာ ဆိုင်ကယ်လည်းမဝယ်နိုင်ပါဘူး။ ဒီလိုပဲ တစ်နေ့ရှာတစ်နေ့စားနေရတာပါ”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်မှာတော့..  လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက သွားရောက်စစ်ဆေးရာမှာ လဲကျသေဆုံးနေတဲ့ အမျိုးသား ၁ ဦးနဲ့အတူ အနီးမှာရှိတဲ့ ဆိုင်ကယ် တူးဘောက်စ်ထဲက တရုတ်လက်ပစ်ဗုံး ၁ လုံးနဲ့ ဓား ၁ လက် သိမ်းဆည်းမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မနေ့က အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကြောင်းအရာရှိက သူတို့မှားယွင်းပစ်ခတ်ခဲ့တာလို့ပြောဆိုပြီး လျော်ကြေးငွေ တစ်သိန်းခွဲကျပ်ကို မိသားစုကိုပေးအပ်ခဲ့တယ်လို့ သေဆုံးသူရဲ့ဖခင် ဦးကျော်လှဦးက ပြောပါတယ်။

“မှားသွားတယ်လို့ ဗိုလ်ကြီးကပြောသွားပါတယ်။ ဖြစ်သွားတာကတော့ ဖြစ်သွားပြီ ဒီမှာပဲသင်္ဂြိုဟ်လိုက်တော့လို့ ပြောပါတယ်။ ကျွန်တော်ကလည်း ကြောက်ပြီးတော့ လက်ခံလိုက်ရပါတယ်။ ပိုက်ဆံ တစ်သိန်းခွဲပေးသွားပါ တယ်။ တပ်မတော်က ပေးသွားတာပါ”

သေဆုံးသူရဲ့ ဖခင်ဖြစ်သူ မေလွမ်းကျေးရွာက ဦးကျော်လှဦးရဲ့ ပြောကြားချက်အရ သေဆုံးသူဟာ လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က ကချင်ပြည်နယ်ဘက်ကို ကျောက်တူးလုပ်ငန်း သွားရောက် လုပ်ဆောင် ခဲ့ပြီး လွန်ခဲ့တဲ့ ၆ လလောက်ကမှ ရွာကို ပြန်ရောက်ခဲ့တာဖြစ်ကြောင်းနဲ့၊ သူဟာ အေအေအဖွဲ့နဲ့ဆက်နွယ် ပတ်သက်နေသူလို့ သိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဖော်ပြချက်နဲ့ပတ်သက်လို့ ဦးကျော်လှဦးက အခုလိုတုန့်ပြန်ပါတယ်။

“ကျွန်တော်အဲဒီလိုပြောတာလုံးဝမရှိပါဘူး။ အေအေကိုလည်း ကျွန်တော့သားက မသိပါ။ သူက နားလည်း နည်းနည်းလေးပါတယ်။ သူက ကချင်ကိုကျောက်တူးဖို့သွားခဲ့ပါတယ်။ ဆေးစွဲပြီးတော့ အိမ်ကိုပြန်ရောက်လာတာပါ။ သူတို့တပ်မတော်စစ်ကြောင်းက ကျွန်တော့ကိုမေးမြန်းချိန်မှာလည်း အဲဒီလိုပြောလိုက်ပါတယ်။ သူ ကချင်ကဆင်းလာချိန်မှာလည်း ဆေးစွဲပြီးဆင်းလာတယ်လို့ပြောတော့ တပ်မတော်က ဆေးကိုဘာနဲ့ဖြတ်လဲမေးတယ်။ ကျွန်တော်က အရက်နဲ့ဖြတ်တယ်လို့ ပြန်ပြောခဲ့ပါတယ်။ ကျန်တာ ကျွန်တော်ပြောတာဘာမှမရှိပါဘူး”

မနေ့ကဖြစ်စဉ်အတွင်း အိမ်ထဲမှာရှိနေတဲ့ အသက် ၇၅ နှစ်အရွယ် ဦးကျော်ခိုင်ဆိုတဲ့ လူကြီးတစ်ဦးဟာလည်း ကျည်ဒဏ်ရာရခဲ့ပြီး စစ်တွေဆေးရုံမှာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေရပါတယ်။

ဒဏ်ရာရတဲ့သူအတွက်လည်း အဲဒီတပ်မတော်စစ်ကြောင်းက လျော်ကြေးငွေ နှစ်သိန်းကျပ်ကို ပေးခဲ့တယ်လို့ ကျေးရွာလူကြီးတွေကပြောပါတယ်။

အခုလိုစစ်ရေးကာလမှာ မတော်တဆမှုတွေရှိတတ်ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို ရွာမှာသင်္ဂြိုဟ်နိုင်ရေး အတွက် တပ်မတော်သားတွေက အကူအညီတွေပေးခဲ့တယ်လို့လည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ နောက်ထပ်ကျေးရွာလူကြီးတစ်ဦးကပြောပါတယ်။

“ကျွန်တော်တို့ကို ဘုန်းကြီးကျောင်းကိုခေါ်ပါတယ်။ တစ်ရွာလုံးကိုခေါ်ပြီး အဲဒီမှာပဲ အစည်းအဝေးလုပ်ပါတယ်။ ရွာထဲက အိမ်တွေကိုလည်း ဝင်စစ်ပါတယ်။ အဲဒီအလောင်းကိုတော့ သူတို့ကိုယ်တိုင်ထမ်းပြီးသယ်ပေးပါတယ်။ ဝိုင်းဝန်းပြီးလုပ်ပေးကြတာပါ။ အလောင်းကို နာရေးဇရပ်ကို ပြောင်းရွှေ့ကြပါတယ်။ သူတို့ပြောတာက ဒီလိုစစ်ရေးကာလမှာ မတော်တဆဖြစ်တာတွေလည်း ရှိတတ်တဲ့အကြောင်း အစည်းအဝေးမှာ ထည့်ပြီးတော့ ပြောသွားပါတယ်”

အဲဒီတပ်မတော်စစ်ကြောင်းက သေဆုံးသူရဲ့ရုပ်အလောင်းကို မင်းပြားမြို့ကိုသယ်ယူခွင့်မပြုဘဲ ရွာမှာပဲ သင်္ဂြိုလ် ခိုင်းခဲ့တယ်လို့လည်းဆိုပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ထုတ်ပြန်ချက်နဲ့ ကာယကံရှင်မိသားစု၊ ကျေးရွာလူကြီးတွေရဲ့ ပြောဆိုချက်တွေ ကွဲလွဲနေတာတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတစ်ရာ ပြောဆိုစရာမရှိိကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့စောင့်ကြည့်ခံရသူတွေရဲ့နမူနာတွေကို ရန်ကုန်မှာ ဆေးစစ်ချက်ယူဖို့ သွားရောက်တဲ့ ကုလသမဂ္ဂအဖွဲ့ပိုင်ကားဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က မင်းပြားမြို့နယ် အတွင်းမှာ ပစ်ခတ်ခံရလို့ WHO ဝန်ထမ်းတစ်ဦးသေဆုံးပြီး နောက်ထပ် အစိုးရကျန်းမာရေးဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီနေရာမှာပဲ မနေ့ကနေ့လယ်က စစ်တွေမြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ CPS ပိုးသတ်ဆေးကုမ္ပဏီက ဆေးပစ္စည်းတွေတင်ဆောင်လာတဲ့ကားတစ်စီးဟာ အလားတူပစ်ခတ်ခံရလို့ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ယာဉ်နောက်လိုက်တစ်ဦးကတော့ ကျည်ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တပ်မတော်နဲ့ အေအေအဖွဲ့က အပြန်အလှန်စွပ်စွဲနေကြပြီး အဲဒီနေရာဘက်မှာ တိုက်ပွဲတွေကလည်း ဒီနေ့အထိရှိနေဆဲလို့ ဒေသခံတွေကပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ဝန်ထမ်းတစ်ဦးသေဆုံးပြီ ကျန်းမာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိစေခဲ့တဲ့ ဖြစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက ရှုတ်ချပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ပြည့်ပြည့်ဝဝဆောင်ရွက်ဖို့နဲ့ ကျူးလွန်သူတွေကို တရားဥပဒေအတိုင်းစီမံဆောင်ရွက်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၂၁ ရက်နေ့အထိ အချိန် ၁ လကျော်ကာလမှာ သေဆုံးတဲ့ အရပ်သား ၉၀ ခန့်ရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၂၁၀ ကျော်အထိ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။