ရခိုင်ကော်မရှင်အဖွဲ့နဲ့ လူငယ်တွေ တွေ့ဆုံ
2017.06.05

ခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့အကြံပြုချက်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ဖျက်သိမ်းလိုက်တဲ့ ဒုက္ခသည်စခန်းအခြေအနေကို ပြန်လည်စိစစ်ပေးဖို့ စစ်တွေမြို့ခံ လူငယ်တွေက ကော်မရှင်အဖွဲ့ဝင်တွေနဲ့ စစ်တွေ ဟိုတယ်မှာ ဒီနေ့တွေ့ဆုံစဉ် တင်ပြခဲ့ပါတယ်။
ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရာမှာ သင့်တော်တဲ့အခြေအနေမျိုး ဟုတ် မဟုတ်ဆိုတာကို ကော်မရှင်ဘက် က ပြန်လည်သုံးသပ်ဖို့ တင်ပြခဲ့တာလို့ ဒီနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေမြို့ခံ ကိုဇော်ဇော်ထွန်း က ပြောပါတယ်။
"တကယ်ရွှေ့လိုက်တဲ့နေရာတွေက သူတို့အတွက်အဆင်ပြေလား၊ အလုပ်အကိုင်အခွင့်အရေးတွေ ဘယ်လို အခက်အခဲရှိသွားလဲ၊ ဒါတွေကို ကော်မရှင်က တိုက်ရိုက်သွားကြည့်ပြီးတော့ သေသေချာချာလေ့လာဖို့လိုတယ်"
ကော်မရှင်ရဲ့ အကြံပြုချက်အရ ကျောက်ဖြူမြို့မှာရှိတဲ့ ရခိုင်ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့လက ဖျက်သိမ်းပြီး လုံးချင်းနေ အိမ်တွေနဲ့ ပြန်လည်နေရာချထားပေးရာမှာ ရေလျှံမှုတွေဖြစ်ပေါ်တာတွေနဲ့ အိမ်သာတွေ အဆင်မပြေတဲ့ အခက် အခဲတွေနဲ့ ကြုံတွေ့နေရတာဖြစ်တယ်လို့လည်း ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပညာရေးပိုင်းမှာ အားနည်းချက်တွေရှိနေတာတွေကို တင်ပြခဲ့ကြသလို လူ့အခွင့်အရေးနဲ့ ပတ်သက် ပြီး ထိထိရောက်ရောက် ကျင့်သုံးနိုင်တဲ့အထိ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
ရခိုင်တိုင်းရင်းသားတွေနဲ့ မွတ်ဆလင်တွေဟာ တချို့အခြေအနေတွေမှာ နှစ်ဖက်ပူးပေါင်းပြီး ဆွေးနွေးလုပ်ကိုင်လို့ ရနိုင် မရနိုင်ဆိုတဲ့ကိစ္စအပေါ် ကော်မရှင်ဘက်က မေးမြန်းရာမှာတော့ နှစ်ဖက်စလုံးရဲ့ လက်ရှိအနေအထားတွေ အရ လက်ခံနိုင်ခြင်းမရှိသေးတဲ့အတွက် နှစ်ဖက်ပူးပေါင်းပြီး ဆွေးနွေးလုပ်ကိုင်ဖို့ မသင့်တော်သေးတဲ့အကြောင်း တင်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။
တွေ့ဆုံပွဲမှာ မြို့ပေါ်ကလူငယ်တွေအပါဝင် တက္ကသိုလ်ကျောင်းသားအချို့လည်း ပါဝင်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့မနက်ပိုင်းက တောင်သူလယ်သမားအချို့နဲ့ တွေ့ဆုံခဲ့သလို လူမှုအဖွဲ့အစည်းအချို့နဲ့လည်း စစ်တွေဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
ကော်မရှင်အဖွဲ့ဝင်တွေ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်နဲ့ သံတွဲမြို့တွေဆီသွားရောက်မှာဖြစ် ပြီး ခရီးစဉ်က ၅ ရက် ကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။