ရခိုင်တိုက်ပွဲအတွင်း လူတစ်ရာနီးပါး သေဆုံး
2024.01.18

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲ နှစ်လအတွင်းမှာ အရပ်သား ၈၁ ဦး သေဆုံးခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ လူသားချင်း စာနာထောက်ထားရေး နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အရပ်သား သေဆုံးမှုတွေမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးရသူ ၅၀ ဦး၊ လက်နက်ငယ်ကြောင့် ၁၈ ဦး၊ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ခုနစ်ဦး၊ ရေတပ်က ပစ်ခတ်မှုကြောင့် သုံးဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် နှစ်ဦး၊ မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးခဲ့ရမှုတွေ ပါဝင်တယ်လို့ HDCO က ဖော်ပြထားပါတယ်။
သေဆုံးသူ အများစုဟာ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့က အများဆုံး ပါဝင်နေပြီး ဒီစာရင်းထဲမှာ ချင်းပြည်နယ် ပလက်ဝက သေဆုံးမှုတွေကိုလည်း ထည့်သွင်းရေးသားထား ပါတယ်။
၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂၀၂၄ ဇန်နဝါရီ ၁၃ ရက်အထိ နှစ်လအတွင်း ထိခိုက်ဒဏ်ရာရသူ ၂၆၀ နဲ့ ဖမ်းဆီးခံရသူ ၂၇၇ ဦး ရှိခဲ့တယ်လို့လည်း HDCO က ဖော်ပြထားပါတယ်။
HDCO က ဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေအရ ဒီအရပ်သား သေဆုံး၊ ထိခိုက်မှုတွေကို စစ်ကောင်စီတပ်ရဲ့ ခမရ (၅၆၆)၊ ခမရ (၅၆၅)၊ ခမရ (၅၄၈)၊ ခမရ (၅၃၉)၊ ခမရ (၅၃၇)၊ ခမရ (၃၈၀)၊ ခမရ (၃၇၇)၊ ခမရ (၃၇၆)၊ ခမရ (၃၄၄)၊ (၂၃၄)၊ ခမရ (၂၁၀)၊ ခမရ (၂၀၉)၊ ခမရ (၂၀၆)၊ ခမရ (၁၄၄) စတဲ့ တပ်တွေ၊ အမြောက်တပ်တွေ၊ ရဲတွေနဲ့ ရေတပ်ကနေ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားချိန်ကစလို့ စစ်ကောင်စီဟာ ပြည်နယ်တစ်ခုလုံးရဲ့ ကုန်းလမ်း၊ ရေလမ်းကို ပိတ်ဆို့ထားတာဖြစ်ပါတယ်။
ရခိုင်တိုက်ပွဲ နှစ်လပြည့်တဲ့ ဇန်နဝါရီ ၁၃ ရက်မှာတော့ ရက္ခိုင့်တပ်တော် (ULA/AA) ဟာ အိန္ဒိယနဲ့ နယ်စပ်ဖြစ်သလို ကုလားတန်မြစ်ကြောင်းစီမံကိန်းအတွက် အရေးပါတဲ့ နေရာဖြစ်တဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို သိမ်းပိုက်ထားပါတယ်။