ရခိုင်မှာ ပြည်တွင်းကူးစက်ခံရတဲ့ အတည်ပြုလူနာ ၇၂ ဦး အထိရှိလာ
2020.08.24
ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ တစ်နေ့တခြားတိုးလာပြီး ဒီတစ်ပတ် ကျော်အတွင်းမှာပဲ အတည်ပြုလူနာ ၇၂ ဦးအထိ ရှိလာနေပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၁၃ ဦးထပ်တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ သြဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စစ်တွေမြို့မှာ ၅၄ ဦး၊ သံတွဲမြို့မှာ နှစ်ဦးနဲ့ မြောက်ဦးမြို့ မှာ သုံးဦးတွေ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ်မှာ ဒီလအတွင်း ပိုးတွေ့လူနာ စုစုပေါင်း ၇၂ ဦးအထိ ရှိသွားပါပြီ။
ဒီနေ့ထပ်တွေ့တဲ့ ပိုးတွေ့လူနာတွေထဲမှာ အသက် ၁၁နှစ်အရွယ်တစ်ဦးနဲ့ အသက် ၉၂ နှစ်အရွယ်တစ်ဦးလည်း ပါဝင်ပြီး အသွားအလာ ကန့်သတ်ထားသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ကတော့ စစ်တွေဆေးရုံက လူနာတွေအားလုံး ကျန်းမာရေး ကောင်းမွန်နေကြောင်း ပြောပါတယ်။
အခုလို စစ်တွေမြို့ပေါ်မှာ ပိုးတွေ့လူနာတွေ တစ်နေ့တခြား ပိုတိုးလာတဲ့အတွက် ဒေသခံတွေဟာ စိုးရိမ်ကြောက် လန့်နေကြပါတယ်။
စစ်တွေမြို့ခံတစ်ဦးဖြစ်တဲ့ မတင်ထက်မော်တော့ အခုလို ပိုးတွေ့လူနာတွေ နောက်ထပ်မများလာအောင် အစိုးရက ထိထိရောက်ရောက် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။
“စစ်တွေမှာ ရုံးဝန်ထမ်းတွေလည်း ရုံးမတက်ကြတော့ဘူး။ ကြောက်ပြီးတော့ အိမ်ထဲက အိမ်ပြင်မထွက်သူ တွေများတယ်။ ဒါပေမဲ့ တချို့လူတွေကျတော့လည်း သွားလာနေကြဆဲမြင်ပါတယ်။ ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ပေါ့နော် အစိုးရက တရားဝင်ထိထိရောက်ရောက် ပြုလုပ်ပေးမယ်ဆိုရင်ပေါ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုနှုန်းကိုလည်း ထိန်းချုပ်နိုင်မယ်။ ဒါပေမဲ့ အစိုးရက ထိထိရောက်ရောက် မလုပ်ပေးနိုင်ဘူး ဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နေတာကို ထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ မြင်ပါတယ်”
စစ်တွေမှာ တစ်နေ့တခြား ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာတွေ များလာတဲ့အတွက် နောက်မပြန့်ပွားအောင် အစိုးရက ဘာတွေလုပ်ဆောင်နေသလဲဆိုတာကိုသိဖို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်ကို RFA က ဒီနေ့ မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါတယ်။
မနေ့က မေးမြန်းရာမှာတော့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းကူးစက်မှု အတတ်နိုင်ဆုံး ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ထောင်စုနဲ့ ပြည်နယ် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဝန်ကြီးဦးဝင်းမြင့်က ပြောပါတယ်။
ရခိုင်မှာ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သူတွေဟာ တစ်နေ့တခြားပိုများလာတဲ့အတွက် တော်တော်လေး ကို စိုးရိမ်စရာကောင်းလာပြီး ပြည်သူတွေအနေနဲ့လည်း ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လိုတယ်လို့ ကိုရိုနာဗိုင်းရပ်စ် ကိစ္စနဲ့ပတ်သက်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပါတယ်။
စစ်တွေမြို့ပေါ်မှာတော့ ဒီနေ့မနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ကာကွယ်ဖို့အတွက်ဆိုပြီး နှာခေါင်းစည်း မတပ်ဘဲသွားလာနေတဲ့သူတွေကို ရဲတပ်ဖွဲ့ဝင်တွေက အချုပ်ကားတွေနဲ့ လိုက်ပြီးဖမ်းဆီးနေပါတယ်။
မနေ့ကလည်း အခုလို နှာခေါင်းစည်းမတပ်ဘဲ သွားလာနေတဲ့သူ ၃၀ ကျော်လောက်ကို ဖမ်းဆီးခဲ့ပြီး ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲဒီလို ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့အတွက်ဆိုပြီး စစ်တွေမြို့ပေါ်မှာ ညမထွက်ရ အမိန့် ၂ လကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ထားပြန်ထားသလို၊ နေအိမ်မှာ ပဲနေထိုင်ကြဖို့ အဖြစ်အနေအပြင်ကို သွားမယ်ဆိုရင်လည်း နှာခေါင်းစည်းတပ်ပြီးသွားကြဖို့ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်တွေကို မလိုက်နာရင်လည်း တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ပါရှိပါတယ်။