၇ နှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် ၂၀၀ ဘီလီယံရှိ
2018.09.20

ရခိုင်ပြည်နယ်မှာ ၇ နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုး ပမာဏဟာ ကျပ်ငွေ ၂၀၀ ဘီလီယံ နီးပါးရှိပြီး မူးယစ်ဆေးဝါးရောင်းချနေတာတွေနဲ့ လူငယ်တွေ မူးယစ်အန္တရာယ် ကျရောက်နေတာတွေကို တားဆီးကာကွယ်ပေး ဖို့ ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အဆိုတင်သွင်းခဲ့ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး ရခိုင်လူငယ်တွေရဲ့ အနာဂတ်ဟာ စိုးရိမ်စရာအခြေအနေကို ရောက်နေပြီလို့ အဆိုကို တင်သွင်းခဲ့တဲ့ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကပြောပါတယ်။
"ရခိုင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ကျပ်သိန်းပေါင်း ၁၈၃၆၉၂၅ . ၉၃၄ တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ မူးယစ်ဆေးဝါးအမှု ၆၃၁ မှုနဲ့ တရားခံပေါင်း ၁၀၁၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိန်းဂဏန်းအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်နဲ့ အနာဂတ်ရခိုင်မျိုးဆက်တို့အတွက် စိုးရိမ်စရာအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိမူသင့်ပါတယ်"
ရခိုင်လူငယ်အချို့ဟာ စိတ်ကြွမူးယစ်ဆေးတွေသုံးပြီး ဆိုင်ကယ်ကို စည်းကမ်းမဲ့မောင်းနှင်တာကြောင့် ယာဉ်တိုက်မှုနဲ့ သေပျောက်မှုနှုန်းတွေ ပိုမိုများပြားလာနေသလို အုပ်စုဖွဲ့ရန်မူလုယက်တဲ့ ဒုစရိုက်မှုတွေကိုပါ ကျူးလွန်လာနေကြတယ် လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန် ကပြောပါတယ်။
မူးယစ်ဆေးဝါးတွေကို လမ်းဘေးကွမ်းယာဆိုင်တွေကအစ နေရာတိုင်းလိုလိုမှာ အလွယ်တကူ ဝယ်ယူလို့ရနေ တာကြောင့် ရခိုင်ပြည်နယ်နဲ့ ရခိုင်တွေရဲ့အနာဂတ်ကို ခြိမ်းခြောက်နေတယ်လို့လည်း လွှတ်တော်မှာပြောဆို ခဲ့ပါတယ်။
ဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်မယ့်သူ မရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။