ရခိုင်ပြည်နယ်က ရွေးကောက်ပွဲ မျှတမှုမရှိကြောင်း စောင့်ကြည့်ရေးအဖွဲ့ ထုတ်ပြန်

မင်းသိန်းအောင်
2020.11.05

ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲအကြိုကာလက အခြေအနေတွေကို လေ့လာဆန်းစစ်ချက်အရ နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် မဖြစ်နိုင်ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က အစီရင်ခံစာတစ်စောင် မနေ့က ထုတ်ပြန် လိုက်ပါတယ်။ ပယ်ဖျက်ခံရတဲ့မဲဆန္ဒနယ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒီအစီရင်ခံစာဟာ မြို့နယ် ၁၂ မြို့နယ်က နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ သတင်း မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဒေသတွင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့တွေနဲ့ အခြားနယ်ပယ်တွေက လူပုဂ္ဂိုလ်တွေကို မေးမြန်းပြီး လေ့လာသုံးသပ်ထားတာလို့ဆိုပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ အစိုးရက အင်တာနက်ပိတ်ထားတာကြောင့် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စား လှယ်လောင်းတွေဟာ အခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ တန်းတူအခွင့်အရေးကို မရခဲ့ကြဘူးလို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က ဦးခိုင်ကောင်းစံ ကပြောပါတယ်။

“တစ်နိုင်ငံလုံးမှာ လူမှုကွန်ရက်ကနေမဲဆွယ်နေတာတွေရှိတယ်။ သူတို့ဟာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာ ရင် ဘာတွေလုပ်မယ်ဆိုပြီး သူတို့ရဲ့လူမှုကွန်ရက်ရော သတင်းတွေမှာပါ ပြောနေတဲ့အချိန်မှာ ကျွန်တော်တို့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ အဲဒီ အခွင့်အလမ်းကို မရကြဘူး။ တန်းတူအခွင့်အရေးမရကြဘူး။ အဲဒါကြောင့် ဒီ ၂၀၂၀ ရွေးကောက်ပွဲဟာ အောက်တိုဘာ ၁၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်တွေ မထုတ်ခင် ကတည်းကိုက မျှတမှုမရှိတဲ့ ရွေးကောက်ပွဲလို့ပဲ ကျွန်တော်တို့က သုံးသပ်ထားပါတယ်”

အင်တာနက် ပိတ်ဆို့ထားတာအပြင် ကပ်ဘေးကာလ ကန့်သတ်ချက်တွေကြောင့် မဲဆန္ဒရှင်တွေဟာ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်တွေရယူမှုတွေနဲ့ ရွေးချယ်မှုတွေမှာ အကန့်အသတ်တွေဖြစ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကပ်ဘေးကိုအကြောင်းပြုပြီး အိမ်တွင်းနေဖို့ကန့်သတ်ချက်တွေကြောင့်လည်း မဲဆန္ဒရှင်တွေအတွက် အရပ်ဘက် အဖွဲ့တွေ အသိပညာပေးမှုတွေကို ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့တွေအနေနဲ့ မဲဆန္ဒရှင်တွေအတွက် အသိပညာပေးမှုတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ခွင့်ပြုထားပေမယ့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုခဲ့ဘူးလို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ဝင် ဦးကျော်ဆန်းလှိုင်က ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစောင့်ကြည့်ရေးနဲ့ အသိပညာပေးရေးကိစ္စတွေ အတွက် ခွင့်ပြုလိုက်တယ်။ ဒါပေမဲ့ ပြည်နယ်မှာကျရင် ခွင့်မပြုပြန်ဘူး။ ဆိုတော့ အဲဒီမှာကတည်းက ပထမဆုံး မဲပေးရမယ့် မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးကဆုံးရှုံးနေပြီ။ နောက်ပြီး အခုရွေးချယ်ခံမယ့် ကိုယ်စားလှယ် လောင်းတွေကလည်း ကိုဗစ်-၁၉ ကြောင့်ရယ်၊ စစ်ဘေးကြောင့်ရယ်၊ အင်တာနက်ပိတ်ထားတဲ့အတွက်ကြောင့် ရယ် ကိုယ်ရွေးချယ်မယ့်ပါတီနဲ့ လူတွေရဲ့ အချက်အလက်တွေကို သေသေချာချာမသိရဘူး။ အဲဒီကတည်းကိုက အခွင့်အရေးတွေက ဆုံးရှုံးနေပြီ”

၂၀၁၀ ခုနှစ်မှာ မဲပေးခွင့်ရရှိခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာလည်း သူတို့ရဲ့ဘိုးဘွားတွေက နိုင်ငံသား မဟုတ်ဘူးဆိုပြီး ရွေးကောက်ပွဲဖြစ်စဉ်ကနေ ဖယ်ကျဉ်ခံထားရဆဲဖြစ်သလို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ကြောင့် ရခိုင်ပြည်နယ်က မဲဆန္ဒရှင်တစ်သန်းကျော်ဟာ မဲပေးခွင့်ဆုံးရှုံး ခဲ့ရတယ် လို့လည်းဆိုပါတယ်။ ကော်မရှင်ရဲ့ကြေညာချက်က ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေကို ထုတ်ပြန်ခဲ့တာပါ။

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေဟာ လက်ရှိအာဏာရပါတီကိုထောက်ခံသူ အများစုရှိနေတဲ့ မဲဆန္ဒနယ်မြေတွေဖြစ်နေတာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ပါတီတွေအကြားတန်းတူယှဉ်ပြိုင်ခွင့်နဲ့ မဲဆန္ဒရလာဒ်တွေအပေါ် ယုံကြည်စိတ်ချမှုကိုပါ ထိခိုက်စေတယ်လို့လည်း အစီရင်ခံစာမှာထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့အနေနဲ့ လာမယ့်နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ မဲရုံပေါင်း ၇၀၀ ကျော်ထဲက ထက်ဝက်လောက်မှာ လေ့လာစောင့်ကြည့်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

တပ်မဲရုံတွေနဲ့ ပတ်သက်လို့ အကန့်အသတ်တွေရှိနေလို့ စောင့်ကြည့်ဖို့ အခက်အခဲရှိတယ်လို စောင့်ကြည့်ရေး အဖွဲ့ဝင် ဦးစိုးလင်းကပြောပါတယ်။

“စစ်တပ်နယ်မြေတွေမှာ ကျွန်တော်တို့ လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေရှိတယ်။ ပြီးရင်ကြိုတင်မဲကိစ္စကို လေ့လာစောင့်ကြည့်ဖို့ အခက်အခဲတွေရှိတယ်။ ဘာဖြစ်လို့ ဒီအခက်အခဲတွေရှိလဲဆိုတော့ သွားလာခွင့်တွေ ကန့်သတ်ထားတာတွေရှိတယ်။ နောက်တစ်ချက်က ကိုဗစ်-၁၉ ကာလ ကျန်းမာရေးဌာနက ညွှန်ကြားချက် အတိုင်းပဲ လုပ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေရှိတဲ့အတွက်ကြောင့်လည်း ကန့်သတ်မှုတွေရှိနေတာ။ ဆိုတော့ ကျွန်တော်တို့ဘက်က စစ်တပ်နယ်မြေအတွင်းထဲမှာ ကြိုတင်မဲနဲ့ သူတို့ရဲ့မဲပေးတဲ့အနေအထားကို အနီးကပ် စောင့်ကြည့်ဖို့ဆိုတာ ကျွန်တော်တို့အတွက်တော့ အခက်အခဲတွေရှိတယ်”

ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှု၊ မျှတမှုတွေအပေါ်  မေးခွန်းထုတ်စရာ ဖြစ်နေကြောင်းလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ရခိုင်ပြည်နယ်က လက်ရှိလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ သူ့ရဲ့သားဖြစ်သူ မတရားအသင်း ကြေညာခံထား ရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကိုရောက်နေလို့ဆိုပြီး သက်သေအထောက်အထားမပြဘဲ ရွေးကောက်ပွဲ ထပ်မံဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ချခံခဲ့တယ်လို့ဆိုပါတယ်။

နောက်ထပ်ကိုယ်စားလှယ်လောင်းတစ်ဦးကိုလည်း သူ့ရဲ့ဖခင်ဟာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်ဖြစ်ပေမယ့် သူကတော့ နိုင်ငံသားမဟုတ်လို့ဆိုပြီး ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခဲ့သလို အယူခံဝင်ရာမှာလည်း တုံ့ပြန် ဖြေရှင်းတာတွေမလုပ်ခဲ့ဘူးလို့ဖော်ပြထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ရခိုင်အရပ်ဘက် အဖွဲ့တွေနဲ့ တွေ့ဆုံမှုအားနည်းသလို ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေကို ပယ်ဖျက်တဲ့ကိစ္စမှာလည်း တရားမျှတမှုမရှိဘူးလို့ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်မှာ အောက်ခြေအဆင့်ကအစ အားနည်းချက်တွေ ရှိနေတယ်လို့ မနေ့က သတင်းစာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ စစ်တွေခရိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဦးသောင်းစိန်က ထောက်ပြပါတယ်။

“ကြိုတင်မဲက အောက်တိုဘာ ၂၉ ရက်နေ့ကပင် စလို့ပေးရမယ့်ဟာကို ကျွန်တော်တို့ စစ်တွေမြို့  ရွှေပြား ရပ်ကွက်မှာ နိုဝင်ဘာ ၃ ရက်၊ ၄ ရက်မှာမှ ပေးရတယ်။ ကြိုတင်မဲပေးရမယ်ဆိုတာကိုလည်း လူတွေက မသိပါဘူး။ ကော်မရှင်တွေကလည်း မဲဆန္ဒရှင်ပြည်သူတွေကို အကြောင်းကြားတာ မရှိပါဘူးခင်ဗျ။ အခက်အခဲကတော့ မသိရတာက ခက်ပါတယ်”

ရခိုင်ပြည်နယ်မှာ မဲဆန္ဒရှင်ဦးရေ ၁၆ သိန်းကျော်ရှိတဲ့အနက် ၄ သိန်းဝန်းကျင်လောက်ပဲ မဲပေးခွင့်ရမှာဖြစ်လို့ ပယ်ဖျက်ခံရတဲ့ မဲဆန္ဒနယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်အောင် ဆောင်ရွက်ပေးဖို့ ရခိုင်ပြည်နယ် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

နိုင်ငံတော်သမ္မရုံးပြောခွင့်ရသူ ဦးဇော်ဌေးကတော့ နိုင်ငံတော်အစိုးရအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အရေးကို ဦးစားပေးမူဝါဒအဖြစ် ချမှတ်ထားသလို ကျန်ခဲ့တဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမယ်လို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။