ရခိုင်မှာ မိုးစပါးအတွက် ချေးငွေ ၉၁ ဘီလီယံ ထုတ်ချေးမည်


2017.05.23
rakhine-loan-620.jpg စစ်တွေမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှာ မေလ ၂၃ ရက်နေ့က ချေးငွေထုတ်ယူနေတဲ့ တောင်သူတစ်ဦးကို မြင်တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ်မှာ အစိုးရစိုက်ပျိုးစရိတ်ချေးငွေတွေကို ဒီနေ့ စတင်ထုတ်ချေးပေးနေပြီး အခုနှစ်မိုးရာသီအတွက် ၉၁ ဘီလီယံကျော်အထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကပြောပါတယ်။

ချေးငွေရရှိဖို့ လျှောက်ထားလာတဲ့ တောင်သူတွေပိုများလာတာကြောင့် အခုနှစ်စိုက်ပျိုးရာသီအတွက် တိုးမြှင့် ထုတ်ချေးမှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရဲ့ ပြည်နယ်မန်နေဂျာ ဦးအေးသိန်း က ပြောပါတယ်။

"တခါမှလည်းဘဏ်နဲ့ ဆက်သွယ်ပြီးတော့ ငွေမချေးတဲ့သူတွေ၊ ဒီနှစ်မှာအသစ်တွေရလာပြီးတော့ လူသစ်တွေအနေနဲ့ ချေးငွေလျှောက်ထားတာတွေရှိတဲ့အတွက် မနှစ်ကထက်ဒီနှစ်မှာ ပိုမိုရခြင်းဖြစ် ပါတယ်"

ရခိုင်ပြည်နယ်မှာ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေတွေကို ပြီးခဲ့တဲ့နှစ်က ဘီလီယံ ၈ဝ ကျော် ထုတ်ချေးပေးခဲ့ပြီး အခုနှစ်မှာက ၁ဝ ဘီလီယံကျော်အထိ တိုးမြှင့်ထားတာလို့သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတွေအပေါ် တောင်သူတွေဘက်က ဒီနေ့အချိန်အထိ ၅ဝ ရာခိုင်နှုန်းလောက်ကိုသာ ပြန်ဆပ်နိုင်ကြပြီး အားလုံးပြန်ဆပ်နိုင်တဲ့ တောင်သူတွေကိုပဲ အခုနှစ်အတွက် ချေးငွေ ထုတ်ချေးမှာဖြစ်တယ်လို့လည်း ပြည်နယ်မန်နေဂျာ ဦးအေးသိန်းကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အစိုးရစိုက်ပျိုးစရိတ်ချေးငွေတွေကိုပြန်ဆပ်ဖို့ အများဆုံးကျန်ရှိနေသေးတဲ့ မြို့နယ်တွေ ကတော့ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ မြေပုံနဲ့ ဂွမြို့နယ်တွေဖြစ်တယ်လို့လည်း သိရပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိထားတဲ့ တောင်သူတစ်ဦးကို လယ်တစ် ဧကကိုကျပ်တစ်သိန်းခွဲနှုန်းနဲ့ ဆယ်ဧကအထိထုတ်ချေးတာဖြစ်ပါတယ်။ ငွေ ၁ဝဝ ကျပ်ကို တစ်လ ၆၇ ပြားအ တိုးနှုန်းထားနဲ့ ထုတ်ချေးပေးတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်မိုးစပါးအတွက် လယ်ယာမြေဧက ၁၁ သိန်းကျော်အထိ စိုက်ပျိုးနိုင်ဖို့လျာထားပြီး အဲဒီအထဲ က ဧကပေါင်း ၆ သိန်းကျော်အတွက် စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်ပေးဖို့ လျာထားတာလို့လည်း သိရပါတယ်။

လာမယ့် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေတွေကိုလည်း အရင်က တစ်ဧကကို ကျပ် နှစ်သောင်းအထိ ထုတ်ချေးပေးခဲ့ရာကနေ အခုနှစ်မှာတော့ ကျပ် ၅ သောင်းအထိ တိုးမြှင့်ထုတ်ချေးပေးသွားမယ်လို့လည်း ပြည်နယ် မန်နေဂျာ ဦးအေးသိန်းကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။