အဂတိတိုက်ဖျက်ရေး ရခိုင်ပြည်နယ်အစိုးရ ကတိပေး
2016.07.22

ပြီးခဲ့တဲ့ အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေရှိခဲ့တာကို လက်ရှိ ပြည်နယ် အစိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်နေရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ပြောကြား လိုက်ပါတယ်။
ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမမှာကျင်းပတဲ့ ပြည်နယ်အစိုးရရဲ့ ရက်တစ်ရာစီမံချက် ဆောင်ရွက် မှု အခြေအနေတွေကို ရှင်းလင်းတဲ့အခမ်းအနားမှာ ဝန်ကြီးချုပ် ဦးညီပုက ပြောကြားလိုက်တာဖြစ်ပါတယ်။
"ပြည်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့ နစ်နာဆုံးရှုံးမှုတွေကို ကျနော်တို့ တက်နိုင်သမျှ အတက်နိုင်ဆုံး ပြန်လည် ပြီးတော့ ဒီနစ်နာဆုံးရှုံးမှုတွေကို ပြန်လည်ခံစားနိုင်အောင် ပြန်လည်ရရှိနိုင်အောင် အတက်နိုင်ဆုံး ကြိုးစားနေပါတယ်၊ ဒီလိုလုပ်ဆောင်ရတဲ့နေရာမှာလည်းပဲ ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ တာဝန်ယူ လုပ်ဆောင်သွားတဲ့ တာဝန်ယူပြီးတော့ လုပ်ခဲ့တဲ့လူတွေရဲ့ လုပ်ရပ်တွေ၊ လုပ်ငန်းတွေ ကျနော်တို့ အများကြီးဖြေရှင်းဆောင်ရွက်နေရပါတယ်၊ အင်မတန်ခက်ခဲပါတယ် ဒီကိစ္စတွေ အင်မတန် သိမ်မွေ့ပါတယ်"
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ UN နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒေသခံတွေအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သံသယ မဖြစ်စေရေးအတွက် သေချာစိစစ်ပြီးမှ လုပ်ဆောင်ပေးနေတယ် လို့လည်း ပြောပါတယ်။
လက်ရှိပြည်အစိုးရအဖွဲ့က ဝန်ကြီးတွေ အဂတိလိုက်စားမယ်ဆိုရင် ထိထိရောက်ရောက် အရေးယူတာမျိုးတွေ လုပ်ဆောင်သွားမယ်လို့လည်း ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီနေ့ရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။