တိုက်ပွဲမဖြစ်အောင် ရခိုင်ပြည်နယ်အစိုးရဟန့်တားဖို့အဆို အတည်ပြု
2019.05.06
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာတွေမှာ ပစ်ခတ်တိုက်ခိုက်တာတွေမလုပ်ဖို့ အစီမံ၊ အဟန့်အတားတွေကို ပြည်နယ်အစိုးရက ဆောင်ရွက်ပေးဖို့ မြောက်ဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်း တင်သွင်းထားတဲ့ အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း တင်သွင်းတဲ့ အဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက မှတ်တမ်းအဖြစ်သာ ထားသင့်ကြောင့် ဆွေးနွေးခဲ့တာကြောင့် လွှတ်တော် ကိုယ်စားလှယ်အားလုံးရဲ့ အဆုံးအဖြတ်ကို ရယူခဲ့ပါတယ်။
အဲဒီမှာ ဒီနေ့ လွှတ်တော်အစည်းအဝေးကို တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးထဲက ၂၇ ဦးက အဆိုကို ထောက်ခံခဲ့တာကြောင့် ဦးကျော်ဝင်း တင်သွင်းတဲ့ အဆိုကို အတည်ပြုလိုက်တာဖြစ်ကြောင်း ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက RFA ကို ပြောပါတယ်။
အဆိုကို ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် အားလုံးထောက်ခံခဲ့တယ်လို့လည်း ပြောပါတယ်။
မြောက်ဦးမြို့က ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းတွေကို အစိုးရကဆောင်ရွက်နေကြောင်း ဒီနေ့လွှတ်တော်မှာ တင်ပြဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။