စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ့် ALP ကို ရခိုင်အဖွဲ့အစည်းတွေ ကန့်ကွက်
အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဖိတ်ခေါ်ထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တက်ရောက်မယ့်အပေါ် ရခိုင်အရပ်ဘက်အဖွဲ့အစည်း ၂၉ ဖွဲ့က “အရက္ခပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်” ဆိုပြီး မေလ ၁၅ ရက် မနေ့က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
ALP ဟာ ရခိုင်ပြည်သူလူထုကို ကိုယ်စားမပြုသလို စစ်ကောင်စီကခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ စစ်မှန်တဲ့ ဆွေးနွေးပွဲမဟုတ်တဲ့အတွက် အခုလို ကန့်ကွက်ရှုတ်ချရတာလို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂ ဗဟိုကော်မတီဝင် ကိုဦးသန်းနိုင်က RFA ကို ပြောပါတယ်။
“ALP ဟာ ရခိုင်ပြည်သူလူထုကို ကိုယ်စားမပြုဘူး။ ရခိုင်ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းနဲ့ ဆွေးနွေးမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုရမှာပါ။ အခုဆွေးနွေးပွဲကနေ ကျနော်တို့ ရခိုင်ပြည်နယ်အတွက် ဘယ်လိုမှ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ မြင်တယ်။ အဲဒါကြောင့် ကျနော်တို့ ကန့်ကွက်ရှုတ်ချတာပါ”
ALP နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရင်လည်း ရခိုင်ပြည်သူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အာမခံချက် ပေးနိုင်မှာမဟုတ်ဘူးဆိုတာကို ယုံကြည်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အခုလို ဆွေးနွေးပွဲတက်ရောက်တာဟာ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေ ကျူးလွန်ထားတဲ့ စစ်ကောင်စီကို အားပေးရာရောက်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်အဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ရှုတ်ချတာနဲ့ ပတ်သက်လို့ ALP ပါတီ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်းကို RFA က မေးမြန်းရာမှာ တစ်စုံတစ်ရာ မှတ်ချက်မပေးလိုကြောင်းသာ ပြန်ဖြေကြားခဲ့ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလို ကြောင်း စစ်ကောင်စီပိုင် ရုပ်သံကနေတစ်ဆင့် ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ဖိတ်ခေါ် ခဲ့တာပါ။
လက်ရှိ အဲဒီဆွေးနွေးပွဲတက်ဖို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KUN/KNLA – PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊ “o” ပြည် သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ စာရင်း ပေးထားပါတယ်။