အင်တာနက်ဖြတ်ထားလို့ ဘူးသီးတောင်က ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ လူနာတွေ ကုသရေးအခက်အခဲရှိ
2020.06.27
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ဒီမနက်အထိ ၁၂ ဦးရှိပြီး၊ စောင့်ကြည့်ခံရသူတွေလည်း ရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ လူနာတွေက စစ်တွေမှာ တစ်ဦး၊ မောင်တောမှာ ခုနှစ်ဦး၊ ဘူးသီးတောင်မှာ နှစ်ဦးနဲ့ တောင်ကုတ်မှာ တစ်ဦး၊ သံတွဲမှာ တစ်ဦး စုစုပေါင်း ၁၂ ဦးရှိပြီဖြစ်ပါတယ်။ ဒီအထဲက သံတွဲမှာ တစ်ဦးကတော့ ပြန်လည်ကောင်းမွန်လာပြီဖြစ်တာကြောင့် ဆေးရုံဆင်းသွားပြီ ဖြစ်ပါတယ်။
ဇွန်လ ၂၅ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းမှာတော့ ရခိုင်ပြည်နယ်ထဲမှာ အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်ခံရသူဦးရေ ၁၆၆၈ ဦးရှိပါတယ်။
အခုလို ကပ်ရောဂါကူးစက်မှု ကာကွယ်ကုသရေးကာလမှာ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အခက်အခဲတွေရှိနေတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောကြပါတယ်။
လက်ရှိ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဘူးသီးတောင်ဆေးရုံရဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ဆေးရုံအုပ်ကြီးဖြစ်တဲ့ ဒေါက်တာစိုးမင်းသိန်းက အခုလို ပြောပြပါတယ်။
“ကျွန်တော်တို့ ဆေးရုံမှာ လူနာ နှစ်ယောက်ရှိပါတယ်၊ လူနာနဲ့ပတ်သက်တဲ့ ဆေးမှတ်တမ်းကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တင်ပြရတာမှာ အင်တာနက်မရှိတော့ ဖုန်းနဲ့ပဲတင်ပြရတယ်။ တကယ့်အခက်အခဲက အင်တာနက် ရတဲ့ တောင်ကုန်းတွေ မြို့ပြင်တွေမှာ သွားပြီးရီပို့တင်နေရတာပါ။ နောက်တစ်ခုက အပ်ဒိတ်သတင်းတွေပေါ့၊ ဓာတ်ခွဲခန်းအဖြေတွေကို ဖုန်းနဲ့ပဲ မေးမြန်းနေရတယ်။ အဲဒီအခက်အခဲတွေ ရှိနေပါတယ်”
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း Facebook ကို အသုံးပြုပြီး၊ ဒီရောဂါနဲ့ပတ်သက်လို့ အွန်လိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေ တာပါ။ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတင်းတွေနဲ့ ရှောင်ရန်၊ ဆောင်ရန် အချက်အလက်တွေကို Website နဲ့ Facebook တွေမှာ ပုံမှန်ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာတော့ ဒီလိုအချက်အလက်တွေကို သိရှိနိုင်မယ့် အခြေခံအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
“တစ်နိုင်ငံလုံးမှာ အင်တာနက်ပေးထားပြီး ဒီလောက်အရေးကြီးတဲ့နေရာမှာ အင်တာနက်ဖြတ်ထားတယ် ဆိုတော့ ခွဲခြားဆက်ဆံခံနေရတာလေ။ ကျန်းမာရေးကဏ္ဍနဲ့ ကြည့်လိုက်ရင်လဲ အရေးကြီးတာတွေ မလုပ်နိုင်သလို တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးကအစ ဖြတ်တောက်ခံရတာပဲဖြစ်တယ်။ ကျွန်တော်တို့ဟာ လုူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ၊ အစိုးရက ဒါကို ဖွင့်ပေးဖို့လိုအပ်တယ်၊ ဒါမှ မျှတတဲ့ ပွင့်လင်းမြင်သာတဲ့ အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုလို့ရမှာပါ”
အင်တာနက်ဖြတ်တောက်တဲ့ သက်တမ်းဟာ သုံးလစီ တိုးမြှင့်တာဖြစ်ပြီး ပြည့်တဲ့နေ့မှာပဲ နောက်ထပ် ထပ်တိုး၊ မတိုးကို ပြည်ထောင်စုအစိုးရက ညွှန်ကြားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလက သက်တမ်းတိုးချိန်မှာတော့ မောင်တောမြို့နယ်ကို ပြန်ဖွင့်ပေးခဲ့တာရှိတယ်လို့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက RFA ကို ပြောထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ဇွန်လကစပြီး၊ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့နောက်ပိုင်း၊ အစိုးရက လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမှာရှိတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက် ပိတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ အစိုးရက အင်တာနက်ဖြတ်တောက်ထားတာ ဇွန်လ ၂၁ ရက်နေ့မှာ တစ်နှစ်ပြည့်ခဲ့ပါတယ်။
အင်တာနက်မရှိလို့ ကုသရေးပိုင်းမှာ အဆင်မပြေတာတွေကို ပြည်နယ်ကျန်းမာရေးဦးစီးမှူးက တင်ပြလာရင် ညှိနှိုင်းဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က ဆိုပါတယ်။
“ဘူးသီးတောင် ဆရာဝန်က အခက်အခဲဖြစ်နေတာကို ပြည်နယ်ကျန်းမာက တင်ပြရမယ့် တာဝန်ရှိတယ်။ ပြည်နယ်ကျန်းမာက ရခိုင်ပြည်နယ်မှာရှိတော့ ပြည်နယ်အစိုးရကို ကျွန်တော်တို့တော့ ဒါတွေဖြစ်နေတယ်ဆိုပြီး တင်ပြရမယ်၊ အဲဒါဆို ကျွန်တော်တို့က သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ညှိပြီးလုပ်ရမှာပေါ့၊ အခက်အခဲမရှိအောင် ကူညီပေးရမယ့် တာဝန်ရှိတယ်လေ”
ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ရောဂါကာလမှာ ရခိုင်ပြည်နယ်တွင်း ဖြတ်တောက် ထားတဲ့ အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂနဲ့ EU ဥရောပသမဂ္ဂ အပါအဝင် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက တောင်းဆိုခဲ့ကြပါတယ်။