ကပ်ဘေးကာလမှာ အင်တာနက် (4G) ပြန်ဖွင့်ပေးဖို့ ရခိုင်ဒေသခံ လူငယ်တွေ တောင်းဆို
2020.08.28
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်ရပ်စ် ကူးစက်ပြန့်ပွားမှုတွေ များလာတဲ့အတွက် ပြည်သူတွေ သတင်း အချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ အင်တာနက် 4G အဆင့်တိုးမြှင့်ပေးဖို့ မင်းပြားလူငယ်များ အစည်းအရုံးက ဒီနေ့ သြဂုတ်လ ၂၈ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ရခိုင်က မြို့နယ်တော်တော်များများမှာ ပြည်တွင်းကူးစက်ခံရတဲ့ ကိုရိုဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိတဲ့ လူနာတွေ များလာတဲ့အတွက် တော်တော်လေးကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေရောက်နေပြီး သတင်း အချက်အလက်တွေကို သိဖို့လိုအပ်လာတာကြောင့် တောင်းဆိုရတာဖြစ်တယ်လို့ မင်းပြားလူငယ်များအစည်းအရုံး ဒါရိုက်တာ နေငြိမ်းချမ်းက RFA ကို ပြောပါတယ်။
အခုလက်ရှိ အစိုးရက ဖွင့်ပေးထားတဲ့ 2G အဆင့် အင်တာနက်ဟာ သုံးလို့မရတဲ့အတွက် ပြည်သူတွေဟာ သတင်းအချက်အလက်တွေရယူဖို့ အခက်အခဲဖြစ်နေတယ်လို့လည်း သူက ဆိုပါတယ်။
ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကတော့ မြန်နှုန်းမြင့် 4G အင်တာနက်ကို အစိုးရဲ့ညွှန်ကြားချက်တွေလာမှပဲ ဆောင်ရွက်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက RFA ကို ဖြေကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်၀ စတဲ့မြို့နယ်က ကျောင်းသူ၊ ကျောင်းသားတွေ အင်တာနက်ကနေ ပညာဆက်လက်သင်ကြားနိုင်ရေး၊ စီးပွားရေးနဲ့ ကုန်စည်ပို့ဆောင်ရေးတွေ အဆင်ပြေချော မွေ့စေရေး၊ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့ တပြေးညီ လုပ်ဆောင်နိုင်ရေး စတဲ့အချက်တွေနဲ့ ပြည်ထောင်စုအစိုးရက ပြည်သူလူထုတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာပြီး 4G အင်တာနက်ကို အမြန်ဆုံးဖွင့်ပေးဖို့ တိုက်တွန်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လုံခြုံရေးကိုအကြောင်းပြပြီး အစိုးရက အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့တာပါ။
စတင်ဘာလ ၁ ရက်နေ့မှာ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့ပေမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြန်လည်ဖြတ်တောက်ခဲ့ပါတယ်။
မေလ ၁ ရက်နေ့မှာတော့ မောင်တောမြို့နယ်ကို ပြန်လည်ဖွင့်ပေးခဲ့ပြီး ကျန်မြို့နယ်တွေမှာတော့ သြဂုတ်လ ၁ ရက်နေ့ကပဲ 2G အဆင့် အင်တာနက်ကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။