အင်တာနက်ပိတ်ပင်မှု ဆန့်ကျင်တဲ့ မောင်ဆောင်းခကို ဒဏ်ငွေ ၃ သောင်း အမိန့်ချ

နေမျိုးထွန်း
2020.09.04

ရခိုင်နဲ့ ချင်းပြည်နယ် တိုက်ပွဲဒေသမှာ အင်တာနက်ပိတ်ပင်မှု ကန့်ကွက်လှုပ်ရှားခဲ့တဲ့ အသံအဖွဲ့က မောင်ဆောင်း ခကို ငြိမ်းစုစီ ဥပဒေ ၁၉ နဲ့ ကျောက်တံတားမြို့နယ် တရားရုံးက ဒီကနေ့ ငွေဒဏ် ကျပ် ၃ သောင်း ချမှတ်လိုက် ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်ပိတ်ထားတာ တစ်နှစ်ပြည့် ခဲ့တုန်းက ရန်ကုန်၊ ကျောက်တံတားမြို့နယ် ဆူးလေဘုရားလမ်း လူကူးခုံးတံတားမှာ ဗီနိုင်း၊ ပိတ်စတွေ၊ ပိုစတာ တွေနဲ့ ချိတ်ဆွဲကာ ကန့်ကွက်လှုပ်ရှားခဲ့တဲ့ အသံအဖွဲ့က မောင်ဆောင်းခကို ဒီကနေ့ ကျောက်တံတားမြို့နယ် တရားရုံးက  ငွေဒဏ် ၃ သောင်းပေးဆောင်ဖို့ ငွေဒဏ်မဆောင်ရင် ထောင် ၁၅ ရက်ကျခံဖို့ အမိန့်ချမှတ်ရာမှာ ငွေဒဏ်ဆောင်လိုက်တာပါ။

“ဒီနေ့ ကျွန်တော်ကို အမိန့်ချတာက ငွေဒဏ် သုံးသောင်း ဒါမှမဟုတ်ရင် ငွေဒဏ်သုံးသောင်း မဆောင်ရင် ထောင်ဒဏ် ၁၅ ရက် ကျခံစေဆိုပြီး အမိန့်ချလိုက်တာဖြစ်ပါတယ်။ အဲတော့ ကျွန်တော် ငွေဒဏ် သုံးသောင်း ဆောင်ခဲ့တာပေါ့ဗျာ။ ကျွန်တော်တို့ ဒီအင်တာနက် အပြည့်အဝပြန်မရမချင်း ဆက်လက်ပြီးတော့ တောင်းဆို သွားမယ်။ နည်းလမ်းပေါင်းစုံနဲ့ ဒီကိစ္စအတွက် အရေးဆို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလောက်နဲ့ မပြီး ပါဘူး။ ကျွန်တော်တို့ကို တရားစွဲလိုက်လို့ ဒီကိစ္စတွေ မလုပ်တော့ဘူးဆိုတာမျိုး ဖြစ်သွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဒီလိုကာလမျိုးမှာ အစိုးရဆီကို ရောက်နိုင်မယ့် Massage တွေ လူထုတွေ ကြားသိနိုင်မယ့် Massage တွေ စကားမျိုးတွေနဲ့ ကျွန်တော်တို့ နောက်ထပ်လှုပ်ရှားမှုတွေ ထပ်လုပ်သွားမှာပါ”

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ဆူးလေလူကူးခုံးတံတားပေါ်မှာ "စစ်ရာဇဝတ်မှု ကျုးလွန်နေတာတွေ၊ လူသတ်နေ တာ မသိစေချင်လို့ အင်တာနက်ဖြတ်တာလား" "ရခိုင်နဲ့ချင်းမှာ အင်တာနက်ဖြတ်တောက်မှု အလိုမရှိ" စာသားပါ ပိတ်စတွေ ချိတ်ဆွဲခဲ့လို့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျောက်တံတားမြို့နယ် ရဲစခန်းက ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

Fortify Rights အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး သုတေသီ နစ်ကီဒိုင်းမွန်းကတော့ ဒီမိုကရေစီအစိုးရ အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိပေမယ့်လည်း အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။

“လွတ်လပ်စွာ ပြောဆိုခွင့်က ဒီမိုကရေစီအပြောင်းအလဲမှာ အရေးကြီးတာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စရပ်ကို သူတို့ ဒီလိုမျိုး ဆက်ပြီးကိုင်တွယ်နေမယ်ဆိုရင် ဖိအားတွေများလာမယ်။ ဆိုလိုချင်တာက ဒီမိုကရေစီ အစိုးရလို့ ပြောနေတယ်ဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အကာအကွယ် ပေးကို ပေးရမယ်။ ဒီလိုမျိုး တရားစွဲပြီးတော့ အမိန့်ချတဲ့ဟာမျိုး လုံးဝမလုပ်သင့်ဘူးပေါ့။ အဲလိုမဟုတ်ဘဲ အမိန့်ချပြီးသွားတယ်ဆိုရင် ပိုပြီးတော့ နိုင်ငံတကာကလည်း အစိုးရအပေါ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဖိအားတွေ ပိုများလာမယ်”

လွတ်လပ်စွာ ပြောဆိုခွင့် တက်ကြွလှုပ်ရှားသူ မောင်ဆောင်းခအပေါ် တရားစွဲဆိုထားတာကို ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ ၇ ဖွဲ့က အစိုးရကို စက်တင်ဘာလ ၂ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို ပြန်ဖွင့်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြတဲ့ ရခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်) က ကျောင်းသား နှစ်ဦးကို ပုဒ်မ ၁၉ နဲ့ အမှုဖွင့် တရားစွဲခဲ့ပြီး ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမာရွတ်မြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ ပါတယ်။

ကြိုတင်အကြောင်းကြားစာပေးဖို့ ပျက်ကွက်တာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ငြိမ်းစုစီ ဥပဒေဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေနဲ့ မကိုက်ညီသလို အခုလို ကပ်ရောဂါကာလမှာ ထောင်ချတဲ့ပြစ်ဒဏ်က သိပ်ကြီးလေးလွန်းတယ်လို့လည်း အဖွဲ့ ၇ ဖွဲ့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မောင်ဆောင်းခ အပေါ် စွဲဆိုထားတဲ့ အမှုကို ရုပ်သိမ်းပြီး ကျောင်းသား ကိုးယောက်အပေါ် ချမှတ်ထားတဲ့ အမိန့်တွေကိုလည်း ပယ်ဖျက်သင့်ကြောင်း လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုခဲ့ပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့  ခွင့်ပြုချက် မတင်ဘူးလို့ ပြောဆိုတာဟာ မူလ ငြိမ်းစုစီဥပဒေရဲ့ မူလရည်ရွယ်ချက်နဲ့ မကိုက်ညီဘူးလို့ ဝေဖန်လိုက်ပါတယ်။

“ငြိမ်းစုစီဥပဒေအရ မတင်တာ မဟုတ်ဘူး။ တင်စရာတောင် မလိုဘူး။ ကျွန်တော်တို့ ဘယ်နေ့မှာ ဘာလုပ် မယ်ဆိုတာ အကြောင်းကြားရုံပဲ။ အဲဒီလောက်လုပ်ဖို့ကိုပဲ ခွင့်မပြုနိုင်ဘူး အဲဒီလိုဖြစ်တာ။ ပြီးတော့ အင်တာနက်တွေပိတ်တာ တကယ့်အဖြစ်အပျက်ပဲ။ တကယ့်အဖြစ်အပျက်ကို အင်တာနက်ကို ဖွင့်ပေးပါလို့ စာလေးကပ်တာဗျာ။ အဲဒါကို ခွင့်ပြုချက်မတင်ဘူးတို့ ဘာတို့ဆိုတာတော့ ငြိမ်းစုစီ ဥပဒေရဲ့ မူလရည်ရွယ် ချက်နဲ့တော့ မကိုက်ဘူးဗျ။ အဲလိုကျ ကျွန်တော်က အပြစ်မပေးသင့်ဘူးလို့ ကျွန်တော် မှတ်ချက်ပေးချင် ပါတယ်”

အလားတူ အင်တာနက် ဖြတ်တောက်ခံရမှု တစ်နှစ်ပြည့်အနေနဲ့ ရခိုင်ပြည်နယ် ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာ ဆန္ဒပြခဲ့ကြတဲ့ လူငယ် သုံးဦးကိုလည်း  ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ အစိုးရက တရားစွဲဆိုတာတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လုံခြုံရေးကိုအကြောင်းပြပြီး အစိုးရက အင်တာနက်လိုင်းကို ဖြတ်တောက်ခဲ့ပြီး တစ်နှစ်ကျော်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၁ ရက်နေ့ မှာ 2G အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ အခုလက်ရှိ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးထားပေမယ့် မြန်နှုန်းနိမ့်တာကြောင့် အသုံးပြုလို့ အဆင်မပြေသေးဘူးလို့ ဒေသခံတွေ ပြောနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။