လယ်မြေအသိမ်းခံရ မှု ပြဿနာ ပြည်နယ်အစိုးရ ကူညီဖြေရှင်းစေလို


2014.08.18
rakhine-land-disputation-305 ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့က ကျင်းပစဉ်
Photo:Min Thein Aung / RFA

ရခိုင်ပြည်နယ်အတွင်း သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းပေးနိုင်မှု အားနည်းနေ တဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ အညီ ဖြေရှင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ လက်ခံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။

အဲ့ဒီအဆိုကို မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက အခုလို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။

"ဒီနေ့ လယ်ယာမြေနဲ့ အခြားမြေများ ပြဿနာ  အမှုအခင်းများစွာ တစ်နေ့ထက်တစ်နေ့ ထူထပ်လာပြီ၊ ဖြေရှင်းပေးနိုင်တဲ့အမှု အလွန်တရာ နည်းပါးနေပါတယ်၊ တချို့နယ်များမှာ လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများကို မျက်ကွယ်ပြုပြီးတော့ ပွင့်လင်းမြင်သာစွာ ငွေပေးငွေယူလုပ်ပြီး ဆုံးဖြတ်နေကြတာ ကိုလည်း တွေ့မြင်နေရပါတယ်၊ အဲဒီလို လယ်သမားများရဲ့ အခက်အဲများကို ဖြေရှင်းနိုင်ဖို့အတွက် ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ လယ်ယာမြေနဲ့ တခြားမြေများဆိုင်ရာ ပြဿနာများကို ဥပဒေ၊ နည်းဥပဒေနဲ့အညီ တိကျမြန်ဆန်စွာ ဖြေရှင်းပေးနိုင်ရန် ပြည်နယ်အစိုးရကို တိုက်တွန်းကြောင်းအဆိုကို လေးလေးစားစား တင်ပြရခြင်းဖြစ်ပါတယ်"

ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်း လယ်ယာမြေ သိမ်းဆည်းခံရတာတွေ များလာပြီး အဲ့ဒီပြဿနာတွေကို လက်ရှိအစိုးရက ကိုင်တွယ်ဖြေရှင်းပေးမှု အားနည်းနေတယ်လို့  ဦးအောင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် လယ်ယာမြေပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဖွဲ့စည်းပေးထားတဲ့ ပြည်နယ်၊ မြို့နယ်နဲ့ ကျေးရွာအဆင့် မြေ ယာအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွေကို လယ်ယာမြေအမှုတွဲတွေနဲ့ ပတ်သက်ပြီး အလျင်အမြန်ဆောင် ရွက်ပေးဖို့ ပြည်နယ်အစိုးရအနေနဲ့ တိုက်တွန်းပေးဖို့ကိုလည်း ဦးအောင်ဝင်းက တင်ပြခဲ့ပြီး အဲဒီအဆိုကို  ကန့်ကွက်သူမရှိတဲ့အတွက် ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးသွားဖို့ အတည်ပြုခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်း တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။