စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးသူ ထောင်ချီရှိနေတဲ့ ရခိုင်ဒေသ
2020.03.11
ဆယ်တန်း စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးမှာ ဒီနေ့ မတ် ၁၁ ရက်နေ့ စတင် ဖြေဆိုနေကြပါပြီ။ ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော် နေရာရွှေ့ပြောင်း ဖြေဆိုရတဲ့ တိုက်ပွဲဒေသ ရခိုင်ပြည်နယ်မှာ အကြောင်း အမျိုးမျိုးကြောင့် စာမေးပွဲခန်းထဲ မရောက်လာနိုင်သူတွေ ထောင်နဲ့ချီ ရှိနေပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ဒီနေ့ မတ် ၁၁ ရက်နေ့ စာရင်းတွေအရ စာမေးပွဲခန်းထဲ မရောက်လာသူ ၄၀၀၀ ကျော် ရှိပါတယ်။
သားသမီးချင်း ကိုယ်ချင်းစာမိတယ်လို့ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် အထက (၁)မှာ စာမေးပွဲလာဖြေတဲ့ ကျောင်းသူတစ်ဦးရဲ့ မိခင် ဒေါ်လှလှစိန် က ပြောပါတယ်။
စစ်ဖြစ်ပွားရာနေရာနဲ့ မြို့ပြတွေမှာ ကွာခြားချက်တွေက ရှိစမြဲပဲလို့ တောင်ဥက္ကလာမြို့နယ်က အထက (၃) မှာ စာမေးပွဲ ဖြေနေတဲ့ တူဖြစ်သူကို စောင့်ကြိုနေတဲ့ ဦးမင်းထွဋ် ကပြောပါတယ်။
မြန်မာတနိုင်ငံလုံးမှာ ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းခုနှစ်သောင်းကျော် ဝင်ဖြေဖို့ စာရင်းပေးထားပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ လူဦးရေ လေးသောင်းကိုးထောင်ကျော် ဖြေမယ်လို့ စာရင်းပေးထားတာပါ။
တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်က ရသေ့တောင်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ အမ်း၊ မြေပုံ၊ ကျောက်ဖြူ အစရှိတဲ့ မြို့နယ်တွေက စာစစ်ဌာန ၂၀ ပိတ်ထားလို့ မြို့ပေါ်တက်ပြီး စာမေးပွဲဖြေရတဲ့ ကျောင်းသူ ကျောင်းသားတွေက ၆၀၀၀ လောက်ရှိနေတာပါ။ ဒီနေ့ စာမေးပွဲခန်းထဲ မရောက်လာနိုင်တဲ့ လေးထောင်ကျော်ထဲက အများစုဟာ စာစစ်ဌာနတွေ ပိတ်လို့ မြို့ပေါ်တက် ဖြေဆိုရမယ့်သူတွေလို့ ပြောလို့ရပါတယ်။
မြို့ပေါ်ကို ပြောင်းရွှေ့စာမေးပွဲဖြေရမှာ လမ်းပန်းဆက်သွယ်ရေးနဲ့ ငွေကြေးအခက်အခဲတွေကြောင့် စာမေးပွဲ မဖြေနိုင်သူတွေ ရှိတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။
ဒေါ်ခင်စောဝေက ဒီနေ့ ရသေ့တောင်မြို့ပေါ်မှာ စာစစ်ဌာနတွေကို လိုက်လေ့လာခဲ့တာပါ။
လုံခြုံရေးအရ စာစစ်ဌာန ၂၀ ကို ပြောင်းရွှေ့ဖို့ အစိုးရက ပြီးခဲ့တဲ့ တလလောက်ကမှ ရုတ်တရက် စီစဉ်လိုက်သလို စာမေးပွဲဖြေခါနီး ရက်အနည်းငယ်အလိုကျမှ ပြောင်းဖို့ စီစဉ်တဲ့ စာစစ်ဌာနတွေလည်း ရှိပါတယ်။
အခုလို ပြောင်းရွှေ့ ဖြေကြားရမှာဖြစ်လို့ မိဘတွေရော ကျောင်းသား၊ ကျောင်းသူတွေမှာပါ အခက်အခဲတွေ ရှိတယ်လို့ စစ်တွေမြို့မှာ ၁၀ တန်းလာဖြေနေတဲ့ သားဖြစ်သူကို စောင့်ကြိုနေတဲ့ ဦးကျော်မင်းအောင် က ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ကျောင်းအချိန်ပြည့် မတက်ခဲ့ရဘဲ အခု စာမေးပွဲကို ဖြေဆိုခဲ့ရတာလို့ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာက ၁၀ တန်းကျောင်းသား မောင်ဦးဝင်းမောင် က ပြောပါတယ်။
ရခိုင်က ကျောင်းသားတွေ အခုလို အခက်အခဲတွေရှိတာကို ကိုယ်ချင်းစာမိတယ်လို့ ရန်ကုန်မြို့ တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ ၁၀ တန်းကျောင်းသားဖခင် ဦးနေဝင်းက ဆိုပါတယ်။
စာမေးပွဲမဖြေခင် နှစ်ရက်အလိုအထိ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေခဲ့ရတဲ့ ရသေ့တောင်မှာဆိုရင် ကျောင်းသူ ကျောင်းသားတွေ လုံခြုံရေးနဲ့ စာမေးပွဲ မေးခွန်းတွေကို အလွယ်တကူ ပို့ပေးနိုင်ဖို့ စာစစ်ဌာနတွေ အားလုံးကို မြို့ပေါ်ကို ရွှေ့လိုက်တာပါ။ ရသေ့တောင်မှာ စာစစ်ဌာန ၁၁ ခုရှိတာပါ။
ရွှေ့လိုက်တာကြောင့် မြို့ပေါ်က ဘုန်းကြီးကျောင်း၊ အားကစားခန်းမလို နေရာမျိုးတွေဟာလည်း ကျောင်းသားကျောင်းသူ တွေ စာမေးပွဲဖြေရတဲ့ နေရာတွေဖြစ်လာခဲ့ပါတယ်။
ရသေ့တောင်က စေတီပြင်၊ လောင်းချောင်း၊ ကူတောင်၊ ဦးကာ အစရှိတဲ့ ကျေးရွာတွေက စာစစ်ဌာနတွေကို မြို့ပေါ်ကိုရွှေ့လိုက်ရတဲ့အတွက် ကျောင်းသား ၂၀၀၀ ကျော် ရသေ့တောင်မြို့ပေါ်ကို ပြောင်းရွှေ့ စာမေးပွဲ ဖြေဆိုခဲ့ရပါတယ်။
အဲဒီအပြင် ရသေ့တောင်မြို့နယ်၊ ဇီးကိုင်းကျေးရွာက ကျောင်းသား ၂၀၀ ကျော်ကလည်း စစ်တွေမြို့ပေါ်ကို ပြောင်းပြီး စာမေးပွဲ ဖြေရပါတယ်။
စာမေးပွဲကာလအတွင်း တိုက်ပွဲတွေကို ရပ်တန့်ပေးစေလိုတယ်လို့ ရသေ့တောင်မြို့နယ်၊ လေးကန်ကျေးရွာ သား ဦးရွှေစိန်ထွန်း ကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကတော့ မနေ့က အထိ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်ကြားမှာရှိခဲ့သလို မတ်လ ၉ ရက်နေ့အထိ မင်းပြားမြို့နယ်အတွင်းမှာ ရှိခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးက စာစစ်ဌာန ၁၉၀၀ ကျော်မှာ ဒီနေ့ကနေ လာမယ့် ၂၀ ရက်နေ့အထိ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။