ရခိုင်တိုက်ပွဲဒေသ ဆယ်တန်းဖြေမယ့်သူတွေ အခက်အခဲ ပိုများနေ

အောင်သိင်္ခ
2020.03.09

စစ်ရေးပဋိပက္ခဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စာစစ်ဌာန ၂၀ ပိတ်ထားလို့ မြို့ပေါ်တက်ပြီး စာမေးပွဲဖြေဆိုရမယ့် ဆယ်တန်းကျောင်းသား၊ ကျောင်းသူတွေ အဆင်ပြေပါ့မလားဆိုတာ ပညာရေးဝန်ထမ်းတွေနဲ့ ကျောင်းသားတွေက စိုးရိမ်နေကြပါတယ်။

ရခိုင်တပြည်နယ်လုံးမှာ စာစစ်ဌာန ၁၂၇ ခုရှိပြီး ကျောင်းသား၊ ကျောင်းသူ လေးသောင်း ကိုးထောင်ကျော် ဖြေဆိုမှာပါ။ အဲဒီထဲက ကျောင်းသား၊ ကျောင်းသူ ခြောက်ထောင်ကျော် စိတ်အေးအေးချမ်းချမ်းနဲ့ လုံခြုံစိတ်ချစွာ ဖြေဆိုနိုင်ပါ့မလားဆိုတာ စိုးရိမ်နေကြတာပါ။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာကနေ စစ်တွေမြို့ပေါ်ကို စာမေးပွဲတက်ရောက်ဖြေဆိုမယ့် မခင်သီတာထွန်းက သေနတ်သံတွေကြောင့် စာမေးပွဲအတွက် ပြင်ဆင်ကျက်မှတ်ရတာ အဆင်မပြေဘူးလို့ ပြောပါတယ်။

"မိဘတွေကရွာမှကျန်ခဲ့တယ် ကယ်ဆယ်ရေးစခန်းမှာပါ သေနတ်သံတွေကြားရလို့ စာဖတ်လို့အဆင်မပြေဘူး။ စိတ်လည်မဝင်စားဘူး။ စာဖတ်တာကို အတတ်နိုင်ဆုံးတော့ကြိုးစားပြီး ဖတ်ပါတယ်"

ရသေ့တောင်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တိုက်ပွဲတွေ ပြင်းထန်နေတုန်းပါပဲ။

စစ်မက်ဖြစ်ပွားနေလို့ ပြေးလွှားနေထိုင်နေရတဲ့ မိဘတွေကို မြို့ပေါ်တက်ပြီး စာမေးပွဲဖြေဆိုရမယ့် ကလေးတွေက စိတ်ပူနေကြတယ်လို့ ပြောပြတာက ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ရခိုင်တမျိုးသားလုံးညီညွတ်ရေး ကော်မတီဝင် ဦးအောင်ဌေးပါ။

အဲဒီကျောင်းသား၊ ကျောင်းသူတွေဟာ မတ် ၁၁ ရက်နေ့မှာ အစပြုတဲ့ ဆယ်တန်းစာမေးပွဲအတွက် ရခိုင်ပြည်နယ်မှာ နယ်မြေမတည်ငြိမ်လို့ဆိုပြီး ပိတ်လိုက်တဲ့ စာစစ်ဌာန ၂၀ ကြောင့် မြို့ပေါ်တက် စာမေးပွဲဖြေရမယ့် သူတွေပါ။

စစ်ဘေးဒုက္ခသည်စခန်းတွေကနေ မြို့ပေါ်တက်ဖြေရမယ့် ကျောင်းသား၊ ကျောင်းသူ ၃၇၀ ရှိတဲ့ မြောက်ဦးမြို့နယ် မှာတော့ လူမှုအဖွဲ့အစည်းတချို့ကတော့ သွားလာရေး အဆင်ပြေအောင် ကြိုပို့ စီစဉ်ပေးဖို့ ကြိုးစားနေကြပါတယ်။

မြောက်ဦးလူငယ်အစည်းအရုံး ဒုဥက္ကဋ္ဌ မဦးမြင့်ရီ ပြောသွားတာပါ။   

မြောက်ဦးအပြင် ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ အမ်းမြို့နယ်နဲ့ ကျောက်ဖြူ စတဲ့ မြို့နယ် ကိုးခုက စာစစ်ဌာန ၂၀ ကို ပိတ်ဖို့ ပြီးခဲ့တဲ့ တလလောက်ကမှ အစိုးရက ရုတ်တရက်စီစဉ်လိုက်တာပါ။

ဒီကျောင်းသား၊ ကျောင်းသူတွေအတွက် အစိုးရက ဘာတွေစီစဉ်ပေးထားတယ်ဆိုတာ မေးမြန်းဖို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းကို ဆက်သွယ်ပေမယ့် RFA ကို မဖြေကြားနိုင်ဘူးလို့ ငြင်းဆိုပါတယ်။

စစ်တွေမြို့ပေါ်ကို စာမေးပွဲတက်ရောက်ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ပြင်ဆင်ပေးထားတဲ့ အခြေအနေကိုတော့ ကျောင်းဆရာမ ဒေါ်လှနုစိန်က ပြောပြပါတယ်။

"ကျွန်မတို့စစ်တွေမြို့ကတော့ဘာမှမဖြစ်ဘူး။ ကလေးတွေကတော့ ကိုယ့်ကျောင်းနဲ့ ကိုယ်ကတော့ဖြေဖို့တော့ အဆင်သင့်ရှိတယ်။ သူတို့ကျောင်းတွေကိုသွားမယ့်ဟာ အခက်အခဲဖြစ်မယ့်အတွက် ဒီမှာတော့ အဆင်အသင့် ပြင်ပေးထားတယ်။ ကျောင်းတွေကစိမ်းတာကို။"

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ တိုက်ပွဲဖြစ်နေတာ တစ်နှစ်ကျော်ကြာနေပါပြီ။

ဒီစာမေးပွဲကာလအတွင်း တိုက်ပွဲတွေ ရပ်ထားသင့်တယ်လို့ ပြောလာတာက ရခိုင်ပြည်နယ်က ကျောင်းဆရာ တစ်ဦးဖြစ်တဲ့ ဦးစန်းဌေးမောင် ပါ။

ဒါနဲ့ပတ်သက်လို့ တပ်မတော်က ထိုးစစ်မဆင်ရင် AA က မတိုက်ဘူးလို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရသူ ခိုင်သုခ က ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဒုဥက္ကဋ္ဌ  ဗိုလ်ချုပ်ထွန်းထွန်းညီက အလားတူ တုံ့ပြန်ပါတယ်။

ရခိုင်ပြည်နယ်ဟာ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့စာရင် ဆယ်တန်းစာမေးပွဲအောင်ချက် နည်းတဲ့ ပြည်နယ်တစ်ခုပါ။ အခုလိုစစ်မက်ဖြစ်ပွားနေတဲ့ အချက်ဟာလည်း အခုအတိုင်းဆိုရင် အောင်ချက်ပိုလျော့သွားနိုင်တဲ့ အခြေအနေဖြစ်လို့ အားလုံးက စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။