မင်းပြားနဲ့ပလက်ဝမှာ တစ်နေ့တည်း လူရှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ


2020.04.23

မနေ့က တရက်ထဲမှာ ရခိုင်ပြည်နယ်မှာ ၄ ဦး၊ ချင်းပြည်နယ်မှာ ကလေးငယ် ၂ ဦးပါအဝင် ၄ ဦး စုစုပေါင်း လူ ၈ ဦး အသက်သေဆုံးခဲ့ရတာဖြစ်ပြီး အနည်းဆုံး လူ ၄ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့ပေါ်မှာ မနေ့ည ၈ နာရီဝန်းကျင်လောက်က တပ်မတော်စစ်ကြောင်းတစ်ခုက ဆိုင်ကယ်စီးလာတဲ့ အရပ်သားနှစ်ဦးကို လှမ်းပစ်လိုက်လို့ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက RFA ကိုပြောပါတယ်။

ပစ်ခတ်ခံရတဲ့နေရာဟာ မင်းပြားမြို့ထဲက မြို့နယ်ရဲစခန်းကို သွားတဲ့လမ်းပေါ်က မင်းကန်ရေကန်အနီးမှာ ဖြစ်ပါတယ်။

ဆိုင်ကယ်ကိုရပ်ခိုင်းပြီးနောက် တပ်မတော်စစ်ကြောင်းက လှမ်းပစ်လိုက်တာလို့ အခင်းဖြစ်နေရာအနီးမှာ ရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မျက်မြင်တစ်ဦးက RFA ကိုပြောပါတယ်။

“ကာဖျူးအမိန့်အရ ည ၉ နာရီဆိုရင် မထွက်ရတော့ဘူးပေါ့နော်။ ၉ နာရီအထိတော့ သွားနေလာနေလို့ ရတယ်လေ။ ကလေးတွေကလည်း ၉ နာရီမထိုးသရွေ့သွားလာနေကြတာပေါ့ဗျာ။ အဲဒါကြောင့် အဲဒီစစ်ကြောင်းဝင်လာတာကိုလည်း သူတို့က ဘယ်သိမလဲ။ ဘယ်သူမှမသိနိုင်ဘူးလေ။ စစ်ကြောင်းကတော့ စွန်ရဲလမ်းကနေအဝင်ပေါ့ မြောက်ဘက်ကနေ တောင်ဘက်ကိုလာတာ။ ကလေးတွေကတော့ တောင်ဘက်ကနေ မြောက်ဘက်ကိုလာတာ။ သူတို့ ရှေ့ဆိုင်တိုးတဲ့အချိန်မှာ ပစ်တာပေါ့။ ဟေ့ကောင်တွေ ရပ်ရပ်ဆိုပြီးတော့ ရပ်ခိုင်းတဲ့အသံတော့ကြားမိလိုက်တယ်ဗျ။ အဲဒီကလေးတွေက ကြောက်ပြီးတော့ ရှေ့ကို ဆက်သွားတာပေါ့ သူတို့က။  အဲဒီအချိန်မှာ တပ်ကပစ်လိုက်တာပါ။ ပွဲချင်းပြီးဆုံးသွားပါတယ်”

သေဆုံးသူတွေဟာ မင်းပြားမြို့ပေါ်မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ်တွေဖြစ်တဲ့ ကိုကျော်မြတ်ထွန်းနဲ့ ကိုသန်းထွန်းတို့ ဖြစ်ပါတယ်။

သေဆုံးသူ ၂ ဦးထဲက တဦးဖြစ်တဲ့ ကိုကျော်မြတ်ထွန်းရဲ့ ဖခင်ဖြစ်သူ ဦးသိန်းမောင်က ဒီသေဆုံးမှုအပေါ် အခုလို ပြောပါတယ်။
“ကျွန်တော့သားဟာ ကျွန်တော်နဲ့အတူတူ လက်သမားလုပ်စားပါတယ်။ သူ့သူငယ်ချင်းကလည်း ဆိုင်ကယ်တွေဘာတွေပြင်တတ်ပါတယ်။ ဆိုင်ကယ်ပြင်ဆိုင်လည်းဖွင့်ထားပါတယ်။ ကျွန်တော့သားဟာ အေအေနဲ့လည်း ဘာမှမသက်ဆိုင်ပါဘူး။ အခုလို မတော်မတရားသေဆုံးရတဲ့အတွက် အဖေတစ်ယောက်အနေနဲ့တော့ ရင်ကွဲမိပါတယ်”

ဒီပစ်ခတ်ခဲ့တဲ့ တပ်မတော်စစ်ကြောင်းဟာ မနေ့ကနေ့လယ်နဲ့ ညနေပိုင်းတွေမှာ ကားလမ်းမပေါ်က ခေါင်းလောင်းရွာနဲ့ စမ်းဘလေရွာနားတွေမှာ အေအေအဖွဲ့ရဲ့ မိုင်းခွဲတိုက်ခိုက်မှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။  ဒီလိုတိုက်ခိုက်ခံရတာကြောင့် အနီးအနားမှာရှိတဲ့ ကျေးရွာတွေထဲကို ဝင်ရောက်ပြီး နယ်မြေရှင်းလင်းရာမှာ အခုလို ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ရာမှာ မင်းပြားမြို့ဘက်မှ ရာမောင်တံတားဘက်သို့ အမျိုးသား ၂ ဦးမောင်းနှင်လာတာကို မသင်္ကာစရာတွေ့ရတဲ့အတွက် စစ်ဆေးဖို့ အော်ဟစ်တားမြစ်ရာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ ဆက်လက်မောင်းနှင်ခဲ့တဲ့အတွက် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်နေရာကို သွားရောက်စစ်ဆေးရာမှာ အရပ်ဝတ်နဲ့ လဲကျသေဆုံးနေတဲ့ အမည်မသိ အမျိုးသား ၂ ဦးကို တွေ့ရှိရပြီး သူတို့အနီးမှ အဖြူရောင် ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် မိုင်းထောင်ဖောက်ခွဲရန် အသုံးပြုသည့် ဖြူးစ် ၃ ချောင်း၊ ဝါးညှပ်နင်းခလုတ် ၁ ခုတို့အားတွေ့ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။ 

သေဆုံးသူ နောက်တဦးက အဲဒီအနားက စမ်းဘလေရွာက ရိုဟင်ဂျာမူဆလင်တဦးဖြစ်ပါတယ်။ ဒုတိယအကြိမ်မိုင်းခွဲတိုက်ခိုက်ခံရအပြီး စောစောက တပ်မတော်စစ်ကြောင်းကပဲ စမ်းဘလေရွာထဲကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ရွာသားတစ်ဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျေးရွာလူကြီးတစ်ဦးဖြစ်တဲ့ ဦးကျော်နိုင်ကပြောပါတယ်။

“အမျိုးသမီးကတော့ အိမ်အောက်မှာထိုင်နေရင်း ကျည်ဆံလာထိတာပါ။ လက်နက်ကြီးမှန်တာကတော့ ကောင်လေးနှစ်ယောက်ပါ။ အဲဒီအထဲကတစ်ဦးကတော့ ဆုံးသွားပါတယ်။ နောက်တစ်ယောက်ကတော့ ဒဏ်ရာရတယ်။ သူတို့နှစ်ယောက်က နွားကျောင်းဖို့ဆိုပြီး နွားလှန်ဖို့သွားတာပါ။ ဒဏ်ရာတွေကတော့ လက်နက်ကြီးဒဏ်ရာတွေပါပဲ။ အဲဒီလက်နက်ကြီးက အစိုးရတပ်ကပစ်တာပါ။ တပ်ကလမ်းလျှောက်ပြီးတော့ လာတဲ့အခါ ဗုံးပေါက်ပါတယ်။ ဗုံးပေါက်တော့ သူတို့က လျှောက်ပြီးတော့ ပစ်လိုက်တာပါ”

သေဆုံးသူဟာ အသက် ၁၆ နှစ်အရွယ် ကိုအီဆူအာလီဖြစ်ပြီး ဒဏ်ရာရသူနှစ်ဦးကတော့ အသက် ၁၈ နှစ်အရွယ် မနူခါးဒူနဲ့ အသက် ၁၄ နှစ်အရွယ် ကိုရော်ဖီး ဖြစ်တယ်လို့သိရပါတယ်။

ဒဏ်ရာရတဲ့ မွတ်ဆလင်ရိုဟင်ဂျာနှစ်ဦးကိုတော့ မြောင်းဘွေဆေးရုံကို ဒီနေ့မနက်အစောပိုင်းက ပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။

မင်းပြားမြို့က မနေ့ကဖြစ်စဉ်မှာ နောက်ထပ်သေဆုံးသူတစ်ဦးကတော့ နရမ်းကျေးရွာက အသက် ၆၁ နှစ်အရွယ် ဦးစံကျော်ပါ။ သူဟာ ခြေထောက်နှစ်ဘက်မှာရရှိထားတဲ့ဒဏ်ရာတွေနဲ့ပဲ မင်းပြားမြို့ ဆေးရုံမှာသေဆုံးသွားတာလို့ မင်းပြားမြို့ နာရေးကူညီမှုအသင်းကပြောပါတယ်။

တပ်မတော်စစ်ကြောင်းဟာ ကျေးရွာတွေနဲ့မလှမ်းမကမ်းမှာ မိုင်းခွဲတိုက်ခိုက်ခံလို့ အဲဒီရွာကိုပစ်ခတ်တာ ဖြစ်ပြီး ဒီလိုမျိုး တိုက်ခိုက်မှုတွေကို ရွာတွေနဲ့အလှမ်းဝေးတဲ့နေရာတွေမှာသာ လုပ်ဆောင်ဖို့ကို တောင်းဆိုချင် ကြောင်း ဒေသခံလူကြီးတစ်ဦးကပြောပါတယ်။ 

အလားတူ မနေ့ညနေက ချင်းပြည်နယ်ပလက်ဝမြို့ပေါ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးနှစ်ဦးနဲ့ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်ထပ် ဘဏ်ဝန်ထမ်းနှစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

မနေ့ကမနက်ပိုင်းမှာ ပလက်ဝမြို့ရဲ့အရှေ့ဘက်ကမ်း မီးလက်ဝကျေးရွာမှာ ဟင်းခူးနေတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာလည်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားပါတယ်။

မနေ့ညနေက ပလက်ဝမြို့ပေါ်က ပစ်ခတ်မှုဟာ အေအေအဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပါအဝင် မင်းပြားမြို့မှာ မနေ့ကတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းရာမှာ AA ပြောခွင့်ရသူ ခိုင်သုခက ပလက်ဝအနီး ပစ်ခတ်တိုက်ခိုက်မှုတွေဟာ သူတို့ပစ်ခတ်တာ မဟုတ်ဘဲ မြန်မာတပ်ဖက်က ခလရ ၂၈၉ က လက်နက်ကြီးကျည်သာဖြစ်ကြောင်း၊ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝဒေသမှာ အစိုးရတပ်မတော်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒါဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာဖြစ်ကြောင်း၊ AA အဖွဲ့အနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ဒီစစ်ရာဇဝတ်မှုတွေ ဖော်ထုတ်အရေးယူနိုင်အောင် ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ကြောင်း ဖြေကြားပါတယ်။

မနေ့က ပလက်ဝမြို့နဲ့ မင်းပြားမြို့တွေက တိုက်ခိုက်မှုနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ ညနေ ၅ နာရီ အချိန်အထိ RFA က တုံ့ပြန်ချက်ရရှိဖို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီရက်ပိုင်းအတွင်း WHO ဝန်ထမ်း သေဆုံးခဲ့ရတဲ့ မင်းပြားမြို့နယ် ရာမောင်တံတားရဲ့ အရှေ့ဘက်တောင်ကြောတွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နေ့စဉ်ရက်ဆက်ရှိနေပြီး ဒီနေ့မှာတော့ တပ်မတော်တပ်ရင်းတွေက အမြောက်ကြီးတွေနဲ့ လှမ်းပစ်နေတာကို တွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ မနေ့က ဧပြီလ ၂၂ ရက်နေ့အထိ အချိန် ၂ လ နီးပါးကာလမှာ သေဆုံးတဲ့ အရပ်သား ၉၈ ဦးထက်မနည်းရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၂၂၀ ဝန်းကျင်အထိရှိနေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။