ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ဝန်ကြီးချုပ်လိုက်ပါလာတဲ့ ရဟတ်ယာဉ် ပစ်ခတ်ခံရ
2020.02.19
လူမှုရေး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ရခိုင်ပြည်နယ် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်ကြားမှာ ဒီနေ့ မနက် ၁၀ နာရီကျော်က မြေပြင်ကနေ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ သတင်းရရှိပါတယ်။
ဒီဖြစ်ရပ်ကို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောဆိုပါတယ်။
"ဒီနေ့မနက် ၁၀ နာရီ ၄၅ မှာ ဖြစ်တာပါ။ ဒေါက်တာဝင်းမြတ်အေးက စစ်တွေကနေ ဘူးသီးတောင်အသွား တပ်မတော်ရဟတ်ယာဉ်ကို အောက်ကနေ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်ဝမ်းပိုက်ကို ကျည်ဆန်နှစ်ချက် ထိပါတယ်။ လက်နက်ငယ်ပါပဲ။ ဒါပေမဲ့ အပေါ်ကလူတွေတော့ ထိခိုက်ဒဏ်ရာရခြင်း မရှိပါဘူးဗျ။ ဘူးသီးတောင်ကိုလည်း အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ ညနေသုံးနာရီမှာပဲ အဲဒီရဟတ်ယာဉ်နဲ့ ပြန်ရောက်ပါပြီ။ အားလုံးအန္တရာယ်ကင်းပါတယ်။ AA အနေနဲ့ ရဟတ်ယာဉ်တွေ ပျံသန်းသွားတိုင်းမှာ ရွာထဲကနေ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေကျ ဖြစ်ပါတယ်"
အခုလိုပစ်တာဟာ AA အဖွဲ့ကပစ်တာဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက...
"ခုချိန်ထိတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော့်ဆီကို ဘာသတင်းမှ ရောက်လာတာ မရှိသေးဘူးဗျ။ ပြောနိုင်တာ တခုကတော့ စစ်ဖြစ်နေတဲ့နေရာမှာ ကျနော်တို့တပ်ဖွဲ့တွေက နေ့စဉ်နဲ့အမျှ မြန်မာစစ်တပ်ဆီမှာ ရဟတ်ယာဉ်တွေ ဂျက်လေယာဉ်တွေနဲ့ အတိုက်ခံနေရတာ ရှိတယ်။ အဲဒီလို ပစ်ခတ်ခံနေရတဲ့အခါကျတော့ သူတို့ အပေါ်တည့်တည့်က ဖြတ်ပျံလို့ရှိရင်တော့ ပစ်ရင်လည်း ပစ်နိုင်တာပေါ့နော်။ ဒါပေမဲ့ ပစ်ခတ်တာရှိမရှိ ဆိုတာကိုတော့ မေးပြီးတော့ အသေအချာပြောလို့ ရမယ်ဗျ။ လောလောဆယ်တော့ အတည်ပြုလို့မရသေးဘူး" လို့ RFA ကို ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ရွာက ရိုဟင်ဂျာမွတ်စလင် အမျိုးသားတစ်ယောက်ဟာ မနေ့မနက်က နွားကျောင်းရင်း မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
ရခိုင့်တပ်တော် AA က ထောင်ထားတဲ့ မိုင်းနင်းမိတာလို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ မာမွတ်အီနူဆိုတဲ့ အဲဒီရွာသားဟာ မနက် ၇ နာရီလောက်က နွားကျောင်းဖို့ ထွက်လာချိန်မှာ မိုင်းနင်းမိလို့ ဒဏ်ရာရခဲ့ပြီး ဘူးသီးတောင်ဆေးရုံကို ပို့တဲ့အချိန်၊ ထိပ်တူပေါက်နဲ့ ဖုံညိုလိပ် ရွာနားမှာ သေဆုံးသွားတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
AA အဖွဲ့အနေနဲ့ ရိုဟင်ဂျာရွာတွေထဲအထိ မိုင်းလိုက်ထောင်တဲ့အတွက် ဇန်နဝါရီလ ၇ ရက်နေ့မှာ ထိပ်တူပေါက်ကျေးရွာက ကျောင်းဆရာ အပါအဝင် ကလေးငယ်တွေ သေဆုံးတာရှိပြီး AA အဖွဲ့ကထောင်တဲ့ မိုင်းကြောင့် သေဆုံးတဲ့အရပ်သား ၁၃ ယောက်၊ ဒဏ်ရာရတဲ့သူ ၃၅ ယောက်ရှိနေပြီလို့ တပ်မတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီစွပ်စွဲချက်နဲ့ပတ်သက်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းတဲ့အခါမှာ သူတို့အဖွဲ့တွေ အနေနဲ့ ရွာတွေထဲမှာ မိုင်းထောင်တဲ့လုပ်ရပ်မျိုး မရှိဘူးလို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ဆင်သေပြင်ရွာကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်တာလို့ ခိုင်သုခက ပြောပါတယ်။
"သုံးဆယ့်တစ်ဘုံဘုရားမှာ စခန်းချထားတဲ့ မြန်မာစစ်တပ်ရဲ့စစ်ကြောင်းတခုကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အတွက်ကြောင့် ဆင်သေပြင်ရွာက မွတ်စလင်တယောက်ကို လက်နက်ကြီးအစ မှန်ပြီး သေသွားတာ ရှိတယ်"
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးပစ်ခတ်မှုတွေ လေကြောင်းပစ်ကူတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖားပြိုရွာတိုက်ပွဲမှာ မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးရမိထားတာရှိပြီး ကျန်တဲ့နေရာတွေမှာ ဖြစ်တဲ့ တိုက်ပွဲတွေမှာလည်း စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိထားတယ်လို့ ခိုင်သုခက ပြောပါတယ်။
မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်တွေကို AA အဖွဲ့က ဖမ်းဆီးရမိထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ အတည်ပြုချက် မရသေးပါဘူး။
ရခိုင်ပြည်နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကစပြီး ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ ပလက်ဝ မြို့နယ်တွေမှာ အင်တာနက်လိုင်း ထပ်ပြီး ဖြတ်တောက်လိုက်ပြီးတဲ့နောက်ပိုင်း တပ်မတော်က ကြည်း၊ ရေ၊ လေ တပ်တွေ စုပေါင်းပြီး တိုက်ခိုက်မှုတွေ အရှိန်မြင့်လာတယ်လို့ AA အဖွဲ့က ပြောထားပါတယ်။
အင်တာနက်တွေဖြတ်လိုက်တဲ့အတွက် ဖြစ်ပျက်နေတာတွေကို ဒေသခံပြည်သူတွေ အချိန်နဲ့တပြေးညီ သိဖို့ခက်သွားသလို၊ သူတို့ဒေသတွင်းက ဖြစ်ရပ်တွေကိုလည်း အချိန်နဲ့တပြေးညီ သိအောင်ထုတ်ပြောနိုင်ဖို့ ခက်သွားတယ်လို့ ပြည်တွင်းပြည်ပအဖွဲ့တွေက ထောက်ပြထားပြီး အင်တာနက်တွေပြန်ဖွင့်ပေးဖို့ မြန်မာအစိုးရကိုတောင်းဆိုထားကြပါတယ်။