ရခိုင်ပြည်နယ် ရဟန်းတော်များ တည်ငြိမ်အေးချမ်းရေး ဆွေးနွေး
2014.06.03

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ အနာဂတ် အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် မြို့နယ်အသီးသီးက စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က သံဃာတော် အပါး ၁၀၀ ကျော်တို့ဟာ ဒီနေ့ကနေ မနက်ဖြန် ဇွန်လ ၄ ရက်နေ့အထိ စစ်တွေမြို့ မြို့မကျောင်းတိုက်မှာ ဆွေးနွေးနေကြပါတယ်။
အဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီး စစ်တွေမြို့ စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော် များအဖွဲ့ နာယကဆရာတော် အရှင်စန္ဒာဝရက အခုလို မိန့်ပါတယ်။
"လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက် ပြီးတော့ ရခိုင်ပြည် အနာဂတ်ရေးနဲ့ ပတ်သက်ပြီး မြို့နယ်အသီးသီးရဲ့ သဘောထားအမြင် လိုချင်တဲ့ အတွက်ကြောင့် ဒီအစည်းအဝေးကို ပြုလုပ် ရခြင်းဖြစ်ပါတယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှှုမရှိအောင် ပြုလုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေ အပေါ်မှာ ကိုယ်တို့က ဘယ်လိုကာကွယ်စောင့်ရှောက်မလဲဆိုတဲ့ သဘောထားအမြင်တွေကို ရယူဖို့အတွက် ဦးဇင်း တို့က တစည်းတည်းတလုံးတည်း သဘောထားအမြင်ကို ရလိုတဲ့အတွက် ပြုလုပ်ရခြင်းဖြစ်ပါတယ်"
ဒါ့အပြင် မြို့နယ်တချို့က ဖွဲ့စည်းထားတဲ့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့ကို ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှာ တိုးချဲ့ဖွဲ့စည်းသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးပွဲကနေ အတည်ပြုချက်တွေကို ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း ဦးဆောင်သံဃာတော်တွေက မိန့်ပါတယ်။
ဒီ ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ် ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလက စစ်တွေမြို့ ဒက်ခေါင်းဘုန်းတော်ကြီးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။