ရခိုင်မြောက်ပိုင်း ရေယာဉ်လိုင်းတွေကို စစ်ကောင်စီ ပိတ်ပင်

2022.10.20
ရခိုင်မြောက်ပိုင်း ရေယာဉ်လိုင်းတွေကို စစ်ကောင်စီ ပိတ်ပင် စစ်တွေမြို့ ဆတ်ရိုးကျချောင်းအတွင်း ရပ်နားထားသည့် အမြန်ရေယာဉ်များအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မြောက်ပိုင်းမြို့နယ် အသီးသီးကို ပြေးဆွဲနေတဲ့ ရေယာဉ်လိုင်းတွေ အားလုံးကို စစ်ကောင်စီက အောက်တိုဘာလ ၁၈ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ ရေယာဉ်လိုင်း တာဝန်ရှိသူတွေက RFA ကို ဒီနေ့ပြောပါတယ်။

စစ်တပ်တာဝန်ရှိသူတွေက လုံခြုံရေးအခြေအနေအရဆိုပြီး ပိတ်လိုက်တာလို့ ရွှေပြည်တန်အမြန်ရေယာဉ်လိုင်း က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြားတို့ကတော့ နဂိုကတည်းက ပိတ်ထားတာ။ အခုတော့ ပေါက်တောလိုင်းကိုပါ ပိတ်လိုက်တာပေါ့။ စစ်တပ်တာဝန်ရှိသူတွေက လုံခြုံရေးအရဆိုပြီး ပိတ်တာ လို့ပြောပါတယ်။ အခုဆိုရင် စစ်တွေကနေ ရမ်းဗြဲ၊ တောင်ကုတ်၊ မာန်အောင် အဲဒီ လမ်းကြောင်းတစ်ခုပဲရှိတော့ တယ်”

ရွှေပြည်တန်ရေယာဉ်လိုင်းဟာ စစ်တွေမြို့ကနေ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့မြို့နယ်တွေပါအဝင် အခြားမြို့နယ်တွေကို နေ့စဉ် ပြေးဆွဲနေတာဖြစ်ပြီး ပြည်သူတွေ အဓိက အားထားနေရ တဲ့ ရေယာဉ်လိုင်းတစ်ခု ဖြစ်ပါတယ်။

ရခိုင်မြောက်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ ပေါက်တောမြို့ကလွဲပြီး အခြားမြို့နယ် တွေကို ပြေးဆွဲခွင့် ပိတ်ပင်ထားတာဖြစ်ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှာ ပေါက်တောမြို့ ကိုပါ သွားလာခွင့် ပိတ်ပင်လိုက်တာပါ။

ရေယာဉ်လိုင်းတွေကို ဆက်ပြီးပိတ်ပင်ထားရင် ပြည်သူတွေပိုပြီး အခက်အခဲဖြစ်လာနိုင် တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပေါက်တောမြို့ခံတစ်ဦးက RFA ကို ပြောပါ တယ်။

“ပေါက်တောမြို့က စစ်တွေကိုပဲအဓိက မှီခိုနေရတာ။ အခု မင်းပြားဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတော့ သွားလို့မရဘူး။ ဒါကြောင့် ဘာပစ္စည်းပဲဖြစ်ဖြစ် စစ်တွေကပဲ မှာယူနေရတာ။ အခု ရေယာဉ်လိုင်းတွေကို ပိတ်လိုက်တော့ ကုန်ဈေးနှုန်းတွေကလည်း မြင့်တက်လာမယ်။ ဒေသတွင်းမှာ တော်တော်လေးအခက်အခဲဖြစ်မယ့် အခြေအနေ ရှိတယ်”

ဒါကြောင့် ရေယာဉ်လိုင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေ ကြပါတယ်။

အခုလို စစ်တွေမြို့ကနေ ရခိုင်မြောက်ပိုင်းမြို့နယ်တွေကို သွားလာနေတဲ့ ရေယာဉ်လိုင်း တွေကို ပိတ်လိုက် တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းကနေ မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေ ကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီက ရေကြောင်းလိုင်းတွေကို ပိတ်ထားသလို ကုန်းလမ်းမှာလည်း အရင်ကထက် အစစ်အဆေးတွေပိုပြီး တင်းတင်းကျပ်ကျပ်လုပ်ဆောင် လာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။