ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးကြောင့် ထွက်ပြေးနေရသူ ကိုးသောင်းကျော်ရှိလာ

2022.10.20
ရခိုင်နဲ့ ပလက်ဝမှာ စစ်ဘေးကြောင့် ထွက်ပြေးနေရသူ ကိုးသောင်းကျော်ရှိလာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ကိုးသောင်းကျော်အထိ ရှိလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က အောက်တိုဘာ ၁၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကစလို့ အောက်တိုဘာ ၁၁ နေ့အထိ အသစ်တိုးလာတဲ့ စစ်ဘေးဒုက္ခ သည် ၁၆,၀၀၀ ကျော် အထိရှိနေပြီး ယခင်နဲ့ လက်ရှိ ဒုက္ခသည်စုစုပေါင်း ကိုးသောင်းကျော် ရှိလာနေတာလို့ ဆိုပါတယ်။

အဲဒီလို နေရပ်စွန့်ခွာထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အထောက်အပံ့တွေ လိုအပ်နေတယ်လို့လည်း UN OCHA က ပြောဆိုထားပါ တယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ မင်းပြား၊ မြောက်ဦး၊ မြေပုံနဲ့ ရသေ့တောင် မြို့နယ်တွေမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ၊ ထောက်ပံ့မှုတွေကို ပိတ်ပင် ကန့်သတ်ထားတာတွေကြောင့် လုပ်ငန်းနှောင့်နှေးမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ် စစ်ကောင်စီက အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့စည်းအားလုံးကို အဲဒီ မြို့နယ်တွေဆီ သွားလာထောက်ပံ့ခွင့်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကစလို့ ပိတ်ပင် ထားတာပါ။

စစ်ကောင်စီကလည်း စားနပ်ရိက္ခာမထောက်ပံ့တော့သလို နိုင်ငံတကာအဖွဲ့စည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေကိုလည်း ထပ်ပြီးပိတ်ပင်ထားမယ်ဆိုရင် ဒုက္ခသည်စခန်းတွေမှာ တော်တော်လေးကို အခက်အခဲ ဖြစ်လာမယ်လို့ ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ဦးဦးသန်းအေးက RFA ကို ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေမှာက လူကယ်ပြန်ဌာနနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေက အထောက် အပံ့တွေကို အဓိကမှီခို နေရတာ။ သူတို့က ထောက်ပံ့မှုရတဲ့အချိန်ကတောင် အဆင် မပြေဘူး။ အခုဆိုရင် အစိုးရက မထောက်ပံ့တာ ခုနစ်လရှိပြီ။ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ အထောက်အပံ့ကိုလည်း ရပ်ထားမယ်ဆိုရင် ကျနော်တို့အတွက် တော်တော်လေး ကို အခက်အခဲဖြစ်လာတော့မယ်”

အဲဒီညောင်ချောင်းဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၈၀၀ ကျော်နဲ့ လူဦးရေ သုံးထောင် ကျော် ခိုလှုံနေတာပါ။

UN OCHA ကတော့ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ တိုက်တွန်းနှိုးဆော်ထားပြီး အဲဒီဒေသတွေမှာ စားနပ်ရိက္ခာဖြန့်ဝေမှုတွေ ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါ တယ်။

အခုလို နိုင်ငံတကာအဖွဲ့တွေရဲ့ လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့တွေကို ပိတ်ပင်ထားတာနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်း ကနေ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေ ကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်နေတာ အခုဆိုရင် သုံးလအထိရှိလာနေပြီး တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒေသခံ တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးမှုတွေဟာလည်း နေ့စဉ်အနဲ့အမျှ တိုးလာနေပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။