ရွာအနီး စစ်မတိုက်ကြဖို့ ရခိုင်လွှတ်တော် တိုက်တွန်း
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရှောင်ရှားကြစေဖို့ ပြည်နယ်အစိုးရအဖွဲ့ကနေ လိုအပ်တဲ့ အစီအမံတွေ ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း အဆိုကို ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း တင်သွင်းထားတဲ့ ရခိုင်ပြည်နယ်က နှစ်ဘက်တိုက်ပွဲတွေအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ ရှောင်ရှားရေး ပြည်နယ်အစိုးရကနေ လိုအပ်တဲ့အစီအမံတွေ ဆောင်ရွက်ပေးဖို့အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ဆွေးနွေးခဲ့တာပါ။
အဆိုကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ထောက်ခံဆွေးနွေးခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး ကန့်ကွက်ဆွေးနွေးခဲ့ပါတယ်။ ပြည်နယ်အစိုးရအဖွဲ့ လုံနယ်ဝန်ကြီးက ပြည်ထောင်စုအဆင့်နဲ့ သက်ဆိုင်တာကြောင့် မှတ်တမ်းတင်ဖို့ သဘောထားပေးခဲ့ပါတယ်။ ဒါပေမဲ့ လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၉ မဲနဲ့ ကန့်ကွက်မဲ ၁၂ မဲသာရှိတာကြောင့် အဆိုကို အတည်ပြုလိုက်ပါတယ်။
အဆိုတင်သွင်းခဲ့တဲ့ ဘူးသီးတောင်မြို့နယ်က ဦးထွန်းအောင်သိန်းက ပြည်နယ်အစိုးရဟာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်လို့ ပြောပါတယ်။
"ရခိုင်ပြည်နယ်အစိုးရဟာ ရခိုင်ပြည်သူတွေကို အာမခံပြီးတော့ ရယူထားတာဖြစ်တယ်၊ အဲဒီအတွက်ကြောင့် ဒီနေ့တိုက်ပွဲဖြစ်တဲ့အချိန်မှာ နှစ်ဘက်တိုက်ပွဲကြားမှာညှပ်ပြီး အပစ်ခံရတာမဟုတ်ဘဲ ရွာမှာနေပြီးတော့ ကိုယ်အိမ်မှာနေပြီးတော့ သေဆုံးသွားတာတွေ ရှိနေတယ်၊ နောက်ပြီးတော့ သံသယန ဖမ်းဆီးခံရတဲ့သူတွေရှိနေတယ်။ အဲဒီကိစ္စတွေဟာ အရပ်သားပြည်သူတွေဘက်ကို မြှားဦးလှည့်ပြီးတော့ ထိခိုက်တာတွေ ရှိတဲ့အတွက်ကြောင့် ဒီလိုမဖြစ်ဖို့ လွှတ်တော်မှာ ပြည်သူဘက်က ရပ်တည်ပြီးတော့ တောင်းဆိုတာဖြစ်တယ်"
ရခိုင်ပြည်နယ်က ကျေးရွာတွေအနီးနားမှာ တိုက်ပွဲတွေဖြစ်တာကြောင့် ဒေသခံတွေ အစုအလိုက်အပြုံလိုက် သေဆုံးတာတွေရှိခဲ့တာကြောင့် နှစ်ဘက်တပ်ဖွဲ့တွေကို ကျေးရွာတွေနဲ့ ဝေးတဲ့နေရာတွေမှာသာ တိုက်ပွဲဖြစ်ကြဖို့ ပြည်နယ်အစိုးရအနေနဲ့ တိုက်တွန်းတာလို့လည်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။
"အစုလိုက်အပြုံလိုက် သေဆုံးသွားတာတွေရှိနေတယ်။ ဒါတွေမဖြစ်ဖို့အတွက် ရှောင်ရှားနိုင်ဖို့အတွက် တိုက်ပွဲဖော်ဆောင်တဲ့သူတွေကနေပြီးတော့ ရပ်ရွာတွေနဲ့ဝေးတဲ့နေရာတွေမှာ တိုက်ပွဲဖော်ဆောင်ကြဖို့ အစိုးရက တိုက်တွန်းပေးရမယ်၊ အကာအကွယ်ပေးရမယ် ဖြစ်တဲ့အတွက်ကြောင့်၊ အစိုးရမှာ တာဝန်ရှိတဲ့အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရကို ကျနော်တို့ အဆိုနဲ့ပဲ တောင်းဆိုတာဖြစ်တယ်"
အဆိုကိုထောက်ခံဆွေးနွေးခဲ့တဲ့ မင်းပြားမြို့နယ်က ကိုယ်စားလှယ် ဦးလှသိန်းအောင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသူ၊ နိုင်ငံသားတွေ အသက်အိုးအိမ်စည်းစိမ်ကို အစိုးရက ကာကွယ်ပေးရမယ် ဆိုတဲ့အချက်ကို ထောက်ပြဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ တိုက်ပွဲတွေမှာချည်းမဟုတ်ဘဲ လွတ်လပ်စွာ သွားလာခွင့်ပိတ်တာလည်း ပစ်မှတ်ထားတာဘဲလို့ ဦးလှသိန်းအောင်က ပြောပါတယ်။
"ပြည်သူတွေကို ပစ်မှတ်ထားတယ်ဆိုတာက လူအသက်တစ်ခုတည်း မဟုတ်ဘူး ဝင်ထွက်သွားလာခွင့်မပြုတာတွေ၊ ပြည်သူတွေရဲ့ စည်းစိမ်တွေကို ကာကွယ်ပေးရမယ် ၊ အဲဒီအခြေအနေတွေကလည်း ပြည်သူတွေကို အဟန့်အတားဖြစ်စေတဲ့အတွက် အဲဒါတွေကို စီမံဆောင်ရွက်စေဖို့အတွက် ကျနော်တို့က ထောက်ပြဆွေးနွေးတာဖြစ်ပါတယ်"
လွှတ်တော်က ဆွေးနွေးအတည်ပြုလိုက်တဲ့ အဆိုနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကို မေးမြန်းရာမှာတော့ ပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်လို့ရတဲ့ကိစ္စ မဟုတ်တာကြောင့် ပြည်ထောင်စုကို တင်ပြသွားမယ်လို့ ပြောပါတယ်။
"တိုက်ပွဲတွေက ကျေးရွာတွေအနီးမှာ ဖြစ်တဲ့အခါကျတော့ ကြားညှပ်တာတွေတော့ ရှိကောင်းရှိမယ်၊ ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ စစ်မတိုက်ပါနဲ့လို့ ပြောလို့ရရင် ပြောချင်တာပေါ့၊ ကျနော်တို့ ပြည်နယ်အစိုးရအဆင့်လောက်နဲ့ ပြောလို့ရရင် ပြောချင်တာပေါ့၊ ကျနော်တို့ အဆင့်လောက်နဲ့ ပြောလို့မရနိုင်ဘူးလေ ပြည်ထောင်စုကိုတော့ တင်ပြမှာပေါ့"
ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ အရပ်သားတွေ ပစ်မှတ်ထားတာတွေရှိတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ အဆိုရှင် ပြောသလိုဆောင်ရွက်တာ မရှိကြောင်း ငြင်းဆိုပါတယ်။
"မဟုတ်ပါဘူး ဒါလေးပဲပြောချင်ပါတယ်။ AAကို စွပ်စွဲတယ်ဆိုရင်တော့ မှန်တယ် ကျနော်တို့ကို စွပ်စွဲတယ်ဆိုရင်တော့ မဟုတ်ပါဘူး။ ဒီဟာနဲ့ပတ်သက်လို့ အဲစွပ်စွဲချက်သည် မဟုတ်ပါဘူး။ လွဲမှားနေပါတယ်၊ ခုလည်းမလုပ်ဘူး နောင်လည်းမလုပ်ဘူး"
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ ဘယ်တုန်းကမှ အရပ်သားတွေကို ပစ်မှတ်ထားတာမရှိသလို့ ရခိုင်ပြည်နယ်လွှတ်တော်ကအတည်ပြုတာကို လိုက်နာဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ကတော့ အရပ်သားတွေကို ပစ်မှတ်ထားလုပ်တာ လုံးဝမရှိဘူးဗျ၊ အရပ်သားတွေကို တကယ် ပစ်မှတ်ထားတိုက်ခိုက်တာက အစိုးရစစ်တပ်ဘက်က လုပ်နေတာ၊ ကျနော်တို့ကတော့ အဲဒီလိုမျိုး ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုတာကို ကြိုဆိုတယ် အကောင်းဆုံး လိုက်နာဆောင်ရွက်သွားဖို့ အဆင့်သင့်ရှိတယ်"
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူ ၈၀ သေဆုံးပြီး ၁၂၀ ကျော်ဒဏ်ရာရရှိတာ၊ ဖမ်းဆီးခံရတာတွေနဲ့ သွားလာခွင့် ကန့်သတ်တာတွေ ခံနေရပေမယ့် အစိုးရဘက်က အကာအကွယ်ပေးတာမျိုးတွေ မရှိခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြကြပါတယ်ခင်ဗျာ။
(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)