လူ့အခွင့်အရေး အခြေအနေ စုံစမ်းစစ်ဆေးမှုကို ရခိုင်အမတ်များ မျှော်လင့်နေ
2020.05.25
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အဆင့် ခေါင်းဆောင်တွေနဲ့ လူ့အခွင့်အရေး ကော်မရှင်ထံကို စာပေးပို့တိုင်ကြားပေမယ့် အရေးတယူ ဆောင်ရွက်တာမျိုးမရှိဘူးလို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ရခိုင်ပြည်နယ် ဒေသခံပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အမြောက်အမြား ဖြစ်ပေါ်နေပေမယ့် ဒီကျူးလွန်မှုတွေကို အခုအချိန်အထိ ကွင်းဆင်း စုံစမ်းမယ့်သူမရှိ ဖြစ်နေပါတယ်။
ရခိုင်အမျိုးသားပါတီ (ANP) အမတ်တချို့က ဒေသတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို အစိုးရ ထိပ်တန်းခေါင်းဆောင်တွေဆီ တိုင်ကြားခဲ့ပေမယ့် လျစ်လျူရှုခံခဲ့ရတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။
နိုင်ငံတော်အကြီးအကဲတွေဆီ ဆက်ပြီး စာပေးပို့ တောင်းဆိုသွားမယ်လို့ ပြောပါတယ်။
ANP ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ရခိုင်ပြည်နယ်က ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျော့နည်း ပပျောက်သွားဖို့အတွက် ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ ပြောပါတယ်။
မေလအကုန်နဲ့ မေလအစောပိုင်းမှာ တင်ပြနိုင်အောင် လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ယခင်ကလည်း ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေတွေကို ပါတီကနေ ထုတ်ပြန်ထားတယ်လို့ ပြောပါတယ်။
အမျိုးသားလွှတ်တော်ရဲ့ အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်ထုမေကလည်း ရခိုင်ပြည်နယ်မှာ ကလေး သူငယ်နဲ့ အမျိုးသမီးတွေအပေါ် ကျူးလွန်မှုတွေ အပါအဝင် ဆိုးရွားတဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ၁၅ ကြိမ် မြောက် ပြည်ထောင်စုလွှတ်တော်မှာ အရေးအကြီးအဆိုအဖြစ် တင်ပြခဲ့ပေမယ့် ဆွေးနွေးခွင့် မရခဲ့ပါဘူး။
ရခိုင်ပြည်နယ်က ပြည်သူတွေ သေကြေပျက်စီးနေတာကို အစိုးရတစ်ရပ်အနေနဲ့ မသိကျိုးကျွံနေနေ တာဟာ နိုင်ငံ့အနာဂတ်ကို လျစ်လျူရှုတာနဲ့ အတူတူပဲလို့ ဒေါ်ထုမေက ဝေဖန်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကြောင့် ပြည်သူတွေ သေကြေ ပျက်စီးနေတာကို လွှတ်တော်က အသံ မထွက်လာတာဟာလည်း မဏ္ဍိုင်အချင်းချင်း ထိန်းညှိဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ မြေပြင်အခြေအနေအရ အမြောက်အမြား ရှိနေတယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ် ပြည်သူတွေမှာ ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရပြီး ရခိုင်ပြည်သူတွေဟာ ပေးစရာ ငွေမရှိသလို၊ ပြေးစရာ မြေလည်း မရှိဖြစ်နေတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက် ဆုပ်ကိုင်ပြီး ပြောဆိုဆွေးနွေးဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက မေလ ၂၀ ရက်နေ့ လွှတ်တော် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုမှာတော့ ဒီအဖွဲ့ကြီးရဲ့ တောင်းဆိုမှု ထွက်ပေါ်လာပြီး အစိုးရက စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို စေလွှတ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် လူ့အခွင့်အရေး အခြေအနေ၊ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ တိုင်ကြားချက်တို့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ ဖုန်းလက်ခံပြောကြားသူ ရှိပေမယ့် သတင်းမီဒီယာကို တာဝန်ယူဖြေကြားမယ့်သူ မရှိဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခနဲ့အတူ အဆက်မပြတ် ဖြစ်ပွားနေတဲ့ အရပ်သားတွေကို အနိုင်ကျင့်မှု၊ ဖမ်းဆီးနှိပ်စက်မှု၊ သတ်ဖြတ်မှုတို့နဲ့ ပတ်သက်ပြီး နိုင်ငံအတွင်း စုံစမ်းအရေးယူမှုတွေကို မတွေ့ရသေးပေမယ့် အရပ်သား အများအပြားကတော့ လုံခြုံရေးအဖွဲ့ဝင်တွေ ဖမ်းဆီး နှိပ်စက်ခံနေရပါတယ်။ ရက္ခိုင့်တပ်တော် AA ကလည်း အရပ်သားတွေ၊ နိုင်ငံရေးသမားတွေကို မကြာခဏ ဖမ်းဆီး ခေါ်ဆောင်သွားလေ့ရှိပြီး တချို့လည်း ထိန်းသိမ်းခံနေရစဉ်မှာ သေဆုံးသွားခဲ့ပါတယ်။