မြေပုံမြို့နယ်မှာ လူ ၃၅၀ ကျော် နိုင်ငံသားစိစစ်မှု ပြီးစီး


2014.08.20
myaypon-nrc-620.jpg ရခိုင်ပြည်နယ် မြေပုံမြို့မှာ ၁၉၈၂ ခုနှစ် ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူတွေကို ၂ဝ၁၄ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့က စိစစ်နေစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ မြန်မာနိုင်ငံသားဖြစ် ခွင့်လျှောက်ထားသူ တစ်ထောင်ကျော်ထဲက ၃၅၀ နီးပါးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှုဥပဒေနဲ့ စစ်ဆေးပြီးဖြစ်ကြောင်း မြို့နယ်အဆင့် စီစစ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီနေ့အထိ စီစစ်ပြီးသူတွေထဲက ၁၀ ဦးလောက် သာ နိုင်ငံသားဖြစ်နိုင်တဲ့အခြေအနေရှိကြောင်း မြို့နယ်အဆင့် စီစစ်ရေးအဖွဲ့မှာပါဝင်တဲ့ မြေပုံမြို့ ရပ်မိရပ်တစ်ဦးဖြစ်သူ ဦးဖေညွန့်က ပြောပါတယ်။

"မနေ့ကအထိ ကျနော်တို့ ၃၂၉ ဦး၊ ဒီနေ့မနက် ပိုင်းတော့ ၁၇ ဦးအဲ့လောက်ထိဖြစ်သွားပြီခင်ဗျ၊ တစ်ဝက်ကျော်ကျော်လောက်တော့ ကျန်သေး တာပေါ့နော်၊ ကျနော်တို့ စစ်ဆေးရတဲ့အပိုင်းဖြစ်နေလို့ ဒီမပြည့်စုံတဲ့ ၆၅ နဲ့ဝင်သွားတဲ့သူတွေက တော်တော် များများရှိပါတယ်၊ ကျန်တဲ့ဒီ ၄၁၂ နဲ့ကတော့ ကျနော်တို့ ခန့်မှန်းသလောက်ကတော့ ၁၀ ကျော်ကျော်လောက်တော့ ရှိမယ်ထင်တာပဲ"

မြေပုံမြို့နယ်မှာ မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာတွေကို ဇွန်လ ၁၅ရက်နေ့က စတင်လက်ခံခဲ့ရာ လျှောက်လွှာ ၁၀၀၀ ကျော် ရရှိခဲ့ပြီး အဲ့ဒီလျှောက်လွှာတွေကို ဒီလ ၅ ရက်နေ့ကစပြီး စီစစ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဆေးပြီးခဲ့သူအားလုံးဟာ ရခိုင်ပြည်နယ်ထဲမှာ မွေးဖွားကြီးပြင်းလာကြသူတွေဖြစ်ပြီး ဘူးသီးတောင် ၊ မောင်တောမြို့နယ်တွေကနေ မြေပုံမြို့နယ်ကို ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ကြ သူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသားဖြစ်ခွင့်လျှောက်လွှာအားလုံးကို မြို့နယ်အဆင့်ကနေ ပြည်နယ်နဲ့ ဗဟိုအဆင့် စီစစ်ရေးအဖွဲ့တွေဆီ ဆက်လက်တင်ပြသွားမှာဖြစ်ပြီး လာမယ့် နိုဝင်ဘာလမှာ အပြီးသတ်စစ်ဆေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။